အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကချင် ပြည်နယ်ခရီးစဉ်ဟာ ပြီးဆုံးသွားခဲ့ကာ ပူတာအိုခရီးစဉ်လည်း မသွားဖြစ်တော့ဘဲ ဖျက်သိမ်းသွားတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။
အကြမ်းဖက် ခေါင်းဆောင်ဟာ စက်တင်ဘာ ၁၉ ရက် ဒီကနေ့မှာ ပူတာအိုကို ခရီးဆက်ဖို့ စီစဉ်ခဲ့ပေမဲ့ လုံခြုံရေးကိုအကြောင်းပြကာ ခရီးစဉ်ဖျက်သိမ်းခဲ့တာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ စက်တင်ဘာ ၁၈ ရက်ကတည်းက ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ် ရောက်ရှိလာတာဖြစ်ပြီး ခရီးစဉ်အတွင်းမှာ ဒေသခံကျောင်းသားလူငယ်တွေက အကြမ်းဖက်စစ်ခေါင်းဆောင် ကချင်မြေကနေ ထွက်သွားဖို့ မောင်းထုတ်ဆန္ဒပြတာနဲ့ ကြုံတွေ့ခဲ့ရတယ်။
လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတဲ့ကြားကပဲ မြစ်ကြီးနားမြို့ အထင်ကရ နေရာများမှာ ကချင်လူငယ်တွေနဲ့ ကျောင်းသားသမဂ္ဂ လူငယ်တွေက ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ပြောက်ကျားသပိတ် ပြုလုပ်တဲ့ လူငယ်တွေက "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ကချင်ပြည်သူတွေ မကြိုဆိုကြောင်းနဲ့ ကချင်မြေက ခုထွက်သွား... သွေးကြွေးမှာဆွေးနွေးစရာမရှိ၊ ကချင်မြေဟာ တပ်ပိုင်မြေမဟုတ်"စတဲ့ စာသားတွေပါတဲ့ ပိုစတာတွေ ကိုင်ပြီး ဆန္ဒပြကြပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)အနေကလည်း အကြမ်းဖက်ခေါင်းဆောင်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတောအတွင်းမှာ မြစ်ကြီးနား-ပူတာအိုကားလမ်းကို ယာယီပိတ်ထားခဲ့ ပြီးနောက် အကြမ်းဖက်ခေါင်းဆောင်ဟာ ရှမ်းပြည်ဘက်ကို ခရီးဆက်သွားပြီဖြစ်ကြောင်း သိရပါတယ်။
စစ်ကောင်စီခန့် ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်က အာဏာသိမ်းစစ်ခေါင်းဆောင် ကချင်အမျိုးသား ရိုးရာဝတ်စုံ၊ ခေါင်းပေါင်း၊ ဓားနဲ့ လွယ်အိတ် ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့တဲ့ အတွက်လည်း ကချင်တိုင်းရင်းသားတွေက ရှုတ်ချကန့်ကွက်ဝေဖန်နေကြပါတယ်။
အာဏာသိမ်းပြီးနောက် တိုင်းပြည် နိုင်ငံရေး၊ စီးပွားရေး။ လူမှုရေး၊ ကိုဗစ် ကပ်ဘေး ဘာတခုမှ အောင်မြင်အောင် မဆောင်ရွက်နိုင်တဲ့ စစ်ကောင်စီခေါင်းဆောင်က စက်တင်ဘာ ၁၈ ရက်မနက်ပိုင်း ၊ မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံစဉ် အန်အယ်လ်ဒီအစိုးရလက်ထက်မှာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံမှာ ထိုက်သင့်သလောက် တိုးတက်မှုများ မဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။