ငှက်ပျောသီးကို ခေတ်မီနည်းစနစ်နဲ့ ထုတ်လုပ်ဖို့၊ နို့စားနွားမွေးကြဖို့နဲ့ လျှပ်စစ်မြို့ပတ်ရထားလမ်းတွေ မြေအောက်ရထားလမ်းတွေ ဖောက်လုပ်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၁၆ ရက်က မန္တလေးတိုင်းဒေသကြီးနဲ့ ပြင်ဦးလွင်မြို့နယ်တို့ရှိ စစ်ကောင်စီ အဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မြို့မိမြို့ဖတွေကို တွေ့ဆုံအမှာစကားပြောကြားရာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်တာပါ။
“မိမိတို့နိုင်ငံဟာ နို့နှင့် နို့ထွက်ပစ္စည်းတွေ ပြည်ပမှ တင်သွင်းနေရတာကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းအမျိုးမျိုးနဲ့ အေးခဲအသားငါးတွေ ထုတ်လုပ်ပြီး ခေတ်မီ ထုပ်ပိုးမှုပုံစံတွေနဲ့ မိမိတို့နိုင်ငံရှိ တခြား ဒေသတွေသာမက ပြည်ပနိုင်ငံတွေကို တင်ပို့ ရောင်းချနိုင်တဲ့အထိ စဉ်းစားလုပ်ဆောင်ကြရမှာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးဟာ နို့စားနွား မွေးမြူရေးကို အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက် နိုင်တဲ့ အလားအလာ များစွာ ရှိလို့ အလေးထားဆောင်ရွက်ရမယ်” လို့ ပြောပါတယ်။
စိုက်ပျိုးရေးထုတ်ကုန်တွေမှာ မန္တလေးက စိန်တလုံးသရက်နဲ့ ဆီထွက်ထုတ်ကုန်တွေ နာမည်ရရှိပြီးဖြစ်ပြီး ပြည်ပတင်ပို့ ရတဲ့အထိဈေးကွက်ရရှိပြီးဖြစ်ကြောင်း၊ ဒါ့အပြင် ဈေးကွက်လိုအပ်ချက် ရှိပြီးသား ငှက်ပျောသီးကဲ့သို့သော သီးနှံတွေနဲ့ တခြားစိုက်ပျိုးရေး ထုတ်ကုန်တွေ ခေတ်မီနည်းစနစ်ကျစွာ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြရမယ်လို့ လည်းပြောပါတယ်။
အများပြည်သူသယ်ယူ ပို့ဆောင်မှုစနစ်နဲ့ပတ်သက်ပြီး လျှပ်စစ်ကိုအခြေခံတဲ့ လျှပ်စစ်ဘတ်စ်ကား လုပ်ငန်းတွေနဲ့ လျှပ်စစ်မြို့ပတ်ရထားလမ်းတွေ၊ မြေအောက်ရထားလမ်းတွေအထိ တွက်ချက်စဉ်းစားလုပ်ဆောင်ကြစေလိုတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ပါတီနိုင်ငံရေးကင်းရှင်းရမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း လုပ်ငန်းတာဝန်တွေနဲ့ ပါတီနိုင်ငံရေးကို ခွဲခြားသိမြင်ရမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။
Photo-DSINFO