မကွေးတိုင်း၊ စလင်းမြို့က အာဏာဖီဆန် CDM မှာပါဝင်တဲ့ ကျောင်းဆရာမ ၁ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၄ ခွဲဝန်းကျင်လောက်က ဆရာမနေထိုင်ရာ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ ကံ့ကော်လမ်းနေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မိသားစုနဲ့နီးစပ်သူတဦးက “သူက အသက်လည်းကြီးနေပြီဆိုတော့ စိတ်တော့ပူတာပေါ့။ ဘယ်ခေါ်သွားလည်းတော့ မသိဘူး။ စလင်းရဲစခန်းကိုတော့ မေးကြည့်ရမှာပေါ့” လို့ ပြောပါတယ်။
အာဏာဖီဆန် CDM မှာပါဝင်လို့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူမှာ ဆရာမဒေါ်ဝေဝေ ဖြစ်ပြီး စလင်းမြို့နယ်၊ ငသိုင်းချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းက ပညာရေးဝန်ထမ်းတဦးဖြစ်ကြောင်းနဲ့ သက်ပြည့်ပင်စင်ယူဖို့ နှစ်အနည်းငယ်သာလိုတော့ကြောင်း မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဒီဗွီဘီက ဆရာမဒေါ်ဝေဝေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စလင်းမြို့မရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။