မြန်မာကျပ်ငွေတန်ဖိုးထိုးကျပြီး ဒေါ်လာဈေးတွေ မြင့်တက်လာတာနဲ့အမျှ စက်သုံးဆီ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာတာကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်က ပုဂ္ဂလိက ဓာတ်အားပေးရေးလုပ်ငန်းက လျှပ်စစ်မီတာခ ၁ ယူနစ် ၆၀၀ ကျပ်အထိ တိုးမြှင့် ကောက်ခံမယ်လို့ ဒေသဆိုင်ရာ မီးလင်းရေးကော်မတီက ပြောပါတယ်။
စက်သုံးဆီဈေးအပေါ် မူတည်ပြီး အရင်က လျှပ်စစ်မီတာခ ၁ ယူနစ်ကို ကျပ် ၅၅၀ ကောက်ခံ နေရာကနေ စက်တင်ဘာလကစပြီး ကျပ် ၅၀ တိုးကာ တစ်ယူနစ်ကို ကျပ် ၆၀၀ ကောက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို မီတာခဈေးတွေ ထပ်မံတိုးပြီး ကောက်ခံတာမှန်ပေမဲ့ ၀င်ငွေနည်းတဲ့ မိသားစုတွေဆို အခု ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလလည်းဖြစ်တော့ အလုပ်ကလည်း မရှိပြန် မီတာခ ပေးသွင်းဖို့ထက် စားဖို့ အရေးက ပိုပြီး အရေးကြီးနေတယ်လို့ ၀င်ငွေနည်းတဲ့ မိသားစုဝင်တွေက ပြောပါတယ်။
အဆိုပါပုဂ္ဂလိက လျှပ်စစ်ဖြန့်ဖြူးရေးအနေနဲ့ ရေးမြို့ပေါ်ရပ်ကွက် ၉ ခုနဲ့ ကျေးရွာပေါင်း ၁၁ ရွာလောက်ကို လျှပ်စစ်မီးပေးနေခဲ့တာပါ။
အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ရေးမြို့နယ်မဟာဓာတ်အားလိုင်းသွယ်တန်းဖို့ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ရှိနေပေမဲ့ လက်ရှိမှာတော့ ကိုဗစ်ကပ်ရောဂါနဲ့ စစ်ကောင်စီ အာဏာသိမ်းယူထားပြီးတဲ့နောက်စီမံကိန်း နှောင့်နှေးနေပါတယ်။