မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးစေတီတောင်ပေါ်မှာ စစ်ကောင်စီတပ် အင်အား ၂၀ လောက် လာရောက် တပ်စွဲထားတယ်လို့ ကျိုက်ထီးရိုးဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ ၁၀ ရက်နေ့က ပထမအကြိမ် လာရောက် တပ်စွဲပြီးနောက် စက်တင်ဘာ ၁၄ ရက်နေ့မှာ ဒုတိယအကြိမ် လာရောက် တပ်စွဲနေထိုင်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ လာရောက် တပ်စွဲထားတဲ့အတွက် ကျိုက်ထီးရိုးတောင်ပေါ်နေ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာလည်း ကျိုက်ထီးရိုးစေတီ လေယာဉ်ကွင်းအနီးက ဆင်ချောက်ရွာကို လျှပ်စစ်မီးဖြတ်တောက်ထားပါတယ်။
ဆင်ချောက်ကျေးရွာဟာ အန်အယ်လ်ဒီ အစိုးရလက်ထက်တုန်းကလည်း ပထမအကြိမ် လျှပ်စစ်မီး ဖြတ်တောက်ခံခဲ့ရသလို အခုအခါ စစ်ကောင်စီ လက်ထက်မှာလည်း လျှပ်စစ်မီးဖြတ်တောက်ခံလိုက်ရတာ ဖြစ်ပါတယ်။
ကျိုက်ထီးရိုးစေတီကို စက်တင်ဘာ ၁၄ ရက်နေ့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး နေထွဋ်ဦး ရောက်လာခဲ့သလို ဘာအကြောင်းကြောင့် ရောက်ရှိလဲဆိုတာ မသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ကျိုက်ထီးရိုး ဒေသနေထိုင်သူတွေ ကိုဗစ်ကပ်ရောဂါကြောင့် ဘုရားဖူးတွေ လာရောက်ခြင်းမရှိလို့ မိသားစု စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။