မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်မှာ စက်တင်ဘာ ၁၄ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုက သေနတ်နဲ့ပစ်ခတ်တာကြောင့် မြို့နယ် NLD ပါတီအလုပ်အမှုဆောင်တစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စလင်းမြို့နယ် ပုသိမ်-မုံရွာလမ်းဘေးက ခင်ပလူ ကျေးရွာမှာ ဒီကနေ့ညနေ ၃ နာရီခွဲလောက်က အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေက NLD ပါတီ မြို့နယ်အမှုဆောင် ဦးနိုင်လင်းနေအိမ်ကို ဝင်ရောက်ပစ်ခတ်ဖမ်းဆီးရာ သေနတ်ကျည် ထိမှန်ပြီးတော့ ကျဆုံးခဲ့ရတယ်လို့ ပါတီတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
“ကိုနိုင်လင်းကြီး ကျသွားပြီလို့ သတင်းပို့ကြတော့ မယုံနိုင်သေးဘူး။ တချို့ကလည်း လွတ်သွားတယ်လို့ ကလေးတွေက သတင်းပို့ကြပေမယ့် နောက်တော့ နီးစပ်ရာကို ထပ်စုံစမ်းတော့ ညနေ ၅ နာရီခွဲလောက်ကျတော့ စလင်းမြို့နယ်ပြည်သူဆေးရုံ ရင်ခွဲရုံမှာ တည်ပြုလိုက်ပြီ။”
စလင်းမြိုနယ်ထဲမှာ NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်တွေဟာ ပုဒ်မ - ၅၀၅ နဲ့ ဖမ်းဝရမ်း အထုတ်ခံထားရတာဖြစ်ပြီး ပါတီဝင်ထဲက ၅ ယောက်လောက် ဖမ်းဆီးခံထားရပြီး ပါတီကိုထောက်ခံဝန်းရံတဲ့ ပြည်သူ အယောက် ၂၀ လောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး အရေးယူထားတယ်လို့ ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်သတ်ဖြတ်တာကြောင့် စလင်းမြို့နယ်ထဲမှာ NLD မြို့နယ်အမှုဆောင် ဦးနိုင်လင်းအပါအဝင် ၃ ယောက် ကျဆုံးခဲ့ပြီလို့ NLD ပါတီဝင်တွေဆီကနေ သိရပါတယ်။