စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးလှုပ်ရှားမှုမှာ ရှေ့တန်းကနေ ပါဝင်နေကြတဲ့ ချင်းပြည်နယ်တော်လှန်ရေးတပ် CDF-Mara အတွက် ချင်းလူငယ်တေးသံရှင် ဒေးဗစ်လိုင်က ရူပီးငွေ ၂ သိန်းခွဲ ကျော်လှူဒါန်းခဲ့ပြီး ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က နိုင်သလောက် လှူဒါန်းထောက်ပံ့ကြဖို့ နှိုးဆော်လိုက်ပါတယ်။
“အရင်နေ့တွေတုန်းက တောထဲကိုရောက်ခဲ့ပါတယ်။ ကျနော့်ညီ အစ်ကိုတွေ ဖိနပ်တောင်မရှိဘဲ တစ်လလုံးလုံး ပင်ပင်ပန်းပန်း လေ့ကျင့်ရေးဆင်းနေကြတာတွေလည်း အများကြီးတွေ့ခဲ့ပါတယ်။ ကျန်တဲ့လိုအပ်ချက်တွေဖြစ်တဲ့ နေရာထိုင်ခင်းနဲ့ အစားအသောက်အတွက် လိုအပ်ချက်တွေဆိုရင် အများကြီးပါ။ အဲ့အတွက်ကို ကျနော်အလှူခံပေး ပါရစေလို့တောင် ကျနော့်ဘက်က တောင်းဆိုခဲ့ပါတယ်”
ဒါ့အပြင် ဒေးဗစ်လိုင်က မိမိဒေသကိုကာကွယ်ဖို့၊ အာဏာရှင်ကိုတိုက်ထုတ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် တော်လှန်ရေးလုပ်နေကြသူတွေကို တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့မှုတွေ ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
ချင်းပြည်နယ်မှာတော့ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာ လနဲ့ချီကြာမြင့်နေခဲ့ပြီ ဖြစ်ကာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ် အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၇ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ် ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ် မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၈၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက် ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။