စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာတွေမှာစိုက်ထူထားတဲ့ စစ်တပ်ပိုင် Mytel တာဝါတိုင် ၇ တိုင် စက်တင်ဘာ ၁၀ ရက် ညပိုင်းက မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေနဲ့ ခင်ဦး PDF တပ်ဖွဲ့ထံက သိရပါတယ်။
အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီရဲ့ ဒေါက်တိုင်တခုဖြစ်တဲ့ Mytel တာဝါတိုင်တွေကို မီးရှို့ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ အသိပေး ထုတ်ပြန်ကြေညာထားပါတယ်။
ဖောက်ခွဲဖျက်ဆီး ဓာတ်ဆီလောင်း မီးရှို့ခဲ့တဲ့ Mytel တာဝါတိုင်တွေကတော့ ငါးတင်းကြီး ရွာထိပ်မှ Mytel တာဝါတိုင်၊ ထနောင်းကိုင်းလေး လမ်းဆုံအနီးမှ Mytel တာဝါတိုင်၊ ရွာသစ်ကုန်းရွာအနီးမှ Mytel တာဝါတိုင်၊ တပင်ကောင်းရွာအနီးမှ Mytel တာဝါတိုင်၊ မဒေါင်းလှကျေးရွာ အနောက်ဘက်မှ Mytel တာဝါတိုင်၊ ချောင်းဆုံကျေးရွာ အနီးနားမှ Mytel တာဝါတိုင်နဲ့ ရွာစဥ်ကျေးရွာ အနီးမှ Mytel တာဝါတိုင်တွေဖြစ်ပါတယ်။
ဒေသခံတဦးကလည်း “ခင်ဦးမြို့နယ်ထဲက ငါးတိုင်၊ တပင်ကောင်းရွာ၊ ညောင်းလှရွာ၊ ကံပေါက်ကြီး၊ ထနောင်းကိုင်း၊ စတဲ့ကျေးရွာတွေက မိုင်တဲလ် တာဝါတိုင်တွေကို ညဦးပိုင်း ရှစ်နာရီလောက်ကစပြီးတော့ ဖျက်ဆီးသွားတယ်။” လို့ ပြောပါတယ်။
ခင်ဦးမြို့နယ်မှာ မိုင်းခွဲခံရတဲ့ Mytel ဆက်သွယ်ရေး တာဝါတိုင်တွေကို ဒီနေ့ မနက်ပိုင်းက လှည့်ပတ်ကြည့်ပြီးပြန်သွားတဲ့ စစ်ကားပေါ်ကနေ ခရီးသွားပြည်သူ သားအဖ ၂ ဦးကို ပစ်သတ်ပြီး ကားပေါ်တင်သွားတယ်လို့ မျက်မြင်ဒေသခံက ဒီဗွီဘီကို ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်နေ့မှာ နိုင်ငံတဝန်းခုခံစစ်ဆင်နွှဲဖို့ ကြေညာခဲ့ပြီးနောက် တိုက်ပွဲတွေ၊ ဖောက်ခွဲမှုတွေ နေ့စဉ်ဖြစ်နေသလို စစ်တပ်အစုရှယ်ယာထည့်ဝင်ထားတဲ့ MyTel တာဝါတိုင်တွေကို ဖျက်ဆီးနေရာမှာ သုံးရက်တွင်း တာဝါတိုင် ၅၀ လောက် ပျက်စီးသွားပြီး စစ်ကိုင်းတိုင်းအတွင်းအများဆုံး ဖြစ်ပါတယ်။
စစ်ကောင်စီအကြီးအကဲက တယ်လီဖုန်းတာဝါတိုင်တွေကို မတိုက်ခိုက်ကြဖို့နဲ့ သူ့ရဲ့တပ်ကို လာတိုက်ခိုက်ဖို့ လွန်ခဲ့တဲ့ ရက်ပိုင်းက ပြောကြားခဲ့သလို Mytel နဲ့ MPT တာဝါတိုင်တွေကို လုံခြုံရေးဂရုစိုက်ကြဖို့ နယ်မြေခံစစ်ဘက်တာဝန်ရှိတွေကို ညွှန်ကြားထားပါတယ်။