တရုတ်နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ ချုပ်ရက်ပြည့်သွားပေမယ့် တရုတ်ဘက်က လွှဲပြောင်းပေးတဲ့ အစီအစဉ် ဆိုင်းငံ့ထားတာကြောင့် ထောင်ထဲ ဆက်လက်နေထိုင်နေကြရတယ်လို့ ဖမ်းဆီးထိန်းသိမ်းခံသူတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ်၊ ကွေ့ကျိုးပြည်နယ်၊ အမ်းဟွေးပြည်နယ်၊ စန်းတုံးပြည်နယ်၊ ကျိလင်ပြည်နယ်၊ ကွမ်းရှီးပြည်နယ်၊ ကျန်းစူးပြည်နယ် စတဲ့ အကျဉ်းထောင်တွေမှာ မြန်မာနိုင်ငံသားတွေ ထိန်းသိမ်းနေကြရတာဖြစ်ပါတယ်။
လွတ်ရက်စေ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကြောင်းပြချက်နဲ့ တရုတ်ဘက်က လွှဲပြောင်းမှုကို ရပ်ဆိုင်းထားတာလို့ မန်စီထောင်မှာ ထောင်ကျနေသူတစ်ဦးရဲ့ မိတ်ဆွေက ပြောပါတယ်။
"တနေ့က အသိတစ်ယောက် ထောင်ထဲကနေ ဖုန်းဆက်လာတာ နှစ်ပြည့်နေပေမဲ့ မလွှတ်ပေးဘဲ ဘာအပြစ်မှ ထပ်မလုပ်၊ မကျူးလွန်ဘဲ ထောင်သက်တွေ ထပ်တိုးပြီး မြန်မာပြည်ပြန်မလွှတ်ပေးတဲ့ အကျဥ်းသားတွေ မန်စီ ထောင်မှာ ရှိနေတာ။"
ဒါ့အပြင် နေထိုင်ခွင့် အထောက်အထားမရှိလို့ မံစီထောင်မှာ ထိန်းသိမ်းခံနေရတဲ့ သူတွေကို တစ်လ တစ်ကြိမ် ၅ မိနစ် ဖုန်းပြောခွင့်ရပြီး မြန်မာနိုင်ငံက အကျဉ်းသားဘယ်လောက်ရှိလဲတော့ မသိဘူး လို့ ပြောပါတယ်။
"အရေအတွက်တော့မပြောသွားဘူး ၁ ခန်းကို လူနှစ်ဆယ်လောက်နေရတာလို့ပဲ ပြောတာ။ စကားပြောချိန်က ငါးမိနစ်ပဲ ပေးတော့ ပြတ်သွားတာ တစ်လကို ဖုန်းငါးမိနစ်ဆက်ခွင့် ရတယ်လို့လည်းပြောတယ်။"
အပြစ် ထပ်မံကျူးလွန်တာ မရှိဘဲ ထောင်သက် တိုးခံနေရတာကြောင့် အဓိက ရက်ပြည့်သူတွေကို ပြန်လွှတ်ပေးစေချင်ပြီး နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကူညီပေးစေလိုတယ်လို့ ဆိုပါတယ်။
တရုတ် - မြန်မာ နှစ်နိုင်ငံ တရားဝင်အဝင်၊ အထွက်ပေါက်ဖြစ်တဲ့ နန်းတော်ဂိတ်ကနေတဆင့် လွှဲပြောင်းပေးရမယ့် ထောင်တွေက အကျဉ်းသားတွေကိုတော့ လက်ရှိမှာ ရက်တိုးပြီး ထောင်ထဲမှာပဲ နေခိုင်းနေရတဲ့ အခြေအနေဖြစ်ကြောင်း ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း (ရွှေလီ) ဥက္ကဋ္ဌ ကိုချမ်းမြေ့က ပြောပါတယ်။
"ထောင်လွှဲတွေက ဒီရွှေလီထောင်လွှဲတွေက မလွှဲပေးသေးဘူး။ ဒီနည်းနည်းလေး ကိုဗစ် နည်းနည်း ငြိမ်ရင်လွှဲပေးမယ်။ ရက်တိုးပြီး ထောင်မှာပဲ ထားထားရတ။ ဟုတ်တယ်။ ရွှေလီတို့ ဘက်ကဟာကျနတာ့ မလွှဲပေးရသေးဘူး။ ဟိုဘက် ချင်းရွှေဟော်တို့ ဘာတို့ဘက်ကကျတော့ လွှဲ ပေးတယ်ဗျ။ မံစီတို့၊ ရင်ကျန်းတို့ကကျတော့ ဒီရွှေလီကိုပဲ လွှဲရတာတဆင့်။ ရွှေလီကိုလွှဲပြီးမှ ရွှေလီကနေမှ တဆင့် နန်းတော်ကို ပြန်လွဲပေးတာ။ ပြည်ကြီးတို့ ထင်ချုံးတို့ အဲဘက်ကျတော့ နည်းနည်း ချင်းရွှေဟော်ဘက်က လွှဲတာများတယ်။"
မြန်မာနိုင်ငံဘက်ကတော့ တရုတ်ဘက် ပြစ်ဒဏ်ကျခံပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ဘက်က လွှဲပြောင်းပေးမယ်ဆိုပါက အမြဲလက်ခံတယ်လို့ တရုတ်ထောင်လွှဲတာဝန်ခံ ဦးမန်းမျိုးမြင့်က ပြောပါတယ်။
တရုတ်နိုင်ငံ အကျဉ်းထောင်တွေကနေ မြန်မာနိုင်ငံသား အမျိုးသမီး ၅၅ ဦး၊ အမျိုးသား ၆၃ ဦး၊ စုစုပေါင်း ၁၁၈ ဦး ကို ဇွန်လ ၂၅ ရက်နေ့က နောက်ဆုံး ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။
Photo- Reuters