၇ လတာကာလအတွင်း ရောင်းအားရော ဆုငွေပါ ကျဆင်းလာတဲ့ အောင်ဘာလေထီကို စစ်ကောင်စီက နွေဦးထီကဲ့သို့ အွန်လိုင်းကနေ ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ ထီရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီလို အွန်လိုင်းကနေ ရောင်းချနိုင်ဖို့ နည်းပညာပံ့ပိုးမှုပေးနိုင်မယ့် Service Provider လုပ်ငန်းတစ်ခု ရွေးချယ်သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ထီရုံးက ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။
ဒီနှစ်ထဲစပြီး အကောင်ထည်ဖော်ချင်နေတယ်ဆိုတာ သိရတယ်လို့ အောင်ဘာလေထီရုံး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
နည်းပညာပံ့ပိုးမှုပေးနိုင်မယ့် ကုမ္ပဏီတွေကို အောက်တိုဘာ ၁၅ ရက်အထိ EOI တင်သွင်းနိုင်တယ်လို့လည်း အသိပေးထားပါတယ်။
အောင်ဘာလေထီရုံးအနေနဲ့ လက်ရှိမှာ Paper ထီစနစ်ကို ကျင့်သုံးနေပြီး ပြည်သူများက စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ထီမထိုးကြတော့ပါဘူး။
NUG အစိုးရက နွေဦးထီ ဆိုပြီး သြဂုတ်လမှာ အွန်လိုင်းစနစ်နဲ့ ထီရောင်းချခဲ့ပါတယ်။
နွေဦးထီကို ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှုများခဲ့ပြီး ရောင်းမလောက်အောင် အောင်မြင်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီက အောင်ဘာလေထီကို အွန်လိုင်းစနစ် ကျင့်သုံး ရောင်းချဖို့ လုပ်လာတာလည်း ဖြစ်ပါတယ်။