စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ၁၆ ကုတင်ဆန့် တိုက်နယ်ဆေးရုံအနီးမှာရှိတဲ့ မြန်မာ ဝမ်ပေါင်နဲ့ မြန်မာ ယန်စီ လုပ်ကွက်တွေကို သွယ်တန်းပို့ဆောင်ပေးတဲ့ ရေပိုက်လိုင်း ၁ ခု ကို စက်တင်ဘာ ၉ ရက်ည ၁၁ နာရီဝန်းကျင်လောက်က မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
အဲဒီရေပိုက်လိုင်းဟာ ချင်းတွင်းမြစ်အတွင်းကနေ ကြေးနီထုတ်လုပ်ရေး လုပ်ကွက်တွေဆီကို အသုံးပြုဖို့ ပို့ပေးတဲ့ ရေပိုက်လိုင်းတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားချက်ကို လျစ်လျူရှုပြီး စစ်ကောင်စီဘက်ကနေ ရပ်တည်ပေးနေတာကြောင့် အခုလို ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မြန်မာ ဝမ်ပေါင်နဲ့ မြန်မာယန်စီ ကုမ္ပဏီတို့ဟာ တရုတ်နိုင်ငံနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းပါဝင်ထားတာဖြစ်ပြီး ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင် နဲ့ ကြေးစင်တောင်တို့မှ ကြေးနီသတ္တုတူးဖော်ရေးလုပ်ငန်းကို အဓိကလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။