စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှာ စက်တင်ဘာလ ၈ ရက် မနက် ၁ နာရီလောက်က ပျူစောထီးအဖွဲ့ဝင်တွေရဲ့ နေအိမ်တွေထဲဝင်ကာ အမည်မသိမြေအောက်တော်လှန်ရေးအဖွဲ့က သေနတ်နဲ့ပစ်ခတ်သွားတာကြောင့် ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပျူစောထီးတပ်နဲ့ နီးစပ်သူ ဒေသခံတစ်ဦးက “ကျနော်တို့ရွာက အိမ်ခြေ ၂၀၀ လောက်ရှိတာ ၊ ၇၀ လောက်အစိမ်းတွေ အခုသူတို့က ပျူစောထီးတပ်ဆိုပြီး ရွာနဲ့တမိုင်လောက်ဝေးတဲ့နေရာမှာ တဲထိုးပြီး အုပ်စုဖွဲ့နေကြတယ်။ လက်နက်လည်းကိုင်တယ်။ ညကတော့ ၁ နာရီလောက်ဖြစ်မယ်။ သူတို့အိမ်တွေထဲဝင်ပြီး သေနတ်တွေနဲ့ပစ်သွားကြတယ်။ မနက်လင်းတော့ ၂ ယောက်က ပွဲခြင်းပြီးသေပြီး တစ်ယောက်က ဆေးရုံပို့တုန်း သေသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ ညောင်ကိုင်းရွာက ဦးနု နဲ့ ဦးမြင့်ဝေလို့ သိရပြီး၊ ဒဏ်ရာရသူ ၄ ဦးကို ရွှေဘိုဆေးရုံတင်ပို့ရာမှာ တစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်နေ့တုန်းကလည်း အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်တဲ့အတွက် အပြစ်မဲ့လူငယ် ၃ ဦးသေဆုံးကာ ၁၅ ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။