ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ ဆက်သွယ်ရေးနည်းပညာတွေကို ကန့်သတ်ဖိနှိပ်ထားခဲ့ပါတယ်။ အဓိကတယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကြီး ၄ ခုထဲက နော်ဝေးကော်ပိုရေးရှင်းတယ်လီနောဟာ သူ့ရဲ့လုပ်ငန်းကို လက်ဘနွန်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုကုမ္ပဏီဖြစ်တဲ့ M1 Group ထံ ဒေါ်လာ ၁၀၅ သန်းနဲ့ရောင်းချကြောင်း ဇူလိုင် ၈ ရက်က ကြေညာခဲ့ပါတယ်။
ဒါဟာမြန်မာတယ်လီနောရဲ့ ကာလပေါက်စျေး အရလုပ်ငန်းတခုလုံး တန်ကြေးဖြစ်တဲ့ အမေရိကန်ဒေါ်လ သန်း ၆၀၀ လောက်တန်တဲ့ ကုမ္ပဏီကို စျေးအလွန်အကျွံလျှော့ချပြီး ရောင်းထုတ်လိုက်တဲ့အပေါ် လေ့လာသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်ကတော့၊ ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးတည်းက လူထုရဲ့လုံခြုံမှုနဲ့ ဥပဒေစည်းမျဉ်းတွေကြားမှာ ဆုံးဖြတ်ရခက်တဲ့ စိန်ခေါ်မှုတွေကြောင့်လို့ ညွှန်းဆိုထားပါတယ်။
တယ်လီနောရဲ့ ကမန်းကတန်းထွက်ခွာမှုဟာ ၂၀၁၀ ပြည့်နှစ် အစောပိုင်းတုန်းက မြန်မာပြည်ရဲ့ ဖွင့်လှစ်စစျေးကွက်အတွင်း စိတ်အားထက်သန်စွာနဲ့ အမြန်ပြေးဝင်လာခဲ့ချိန်ကတည်းက ဆိုရင်သိ သာတဲ့ ရုတ်ချည်းပြောင်းလဲမှုအဖြစ်ထင်ဟပ်စေပါတယ်။ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးကဏ္ဍအတွင်း ဝင်ရောက်စွက်ဖက်မှုတွေဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်တွေအပေါ်နှိပ်ကွပ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် အားထုတ်လာမှုရဲ့ ပြယုဂ်ဖြစ်နေကြောင်းပို ပြီးတော့သတိထားစရာဖြစ်လာပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီးနောက်ပိုင်း ဖေဖေါ်ဝါရီ ၁ ရက်နေ့ကတည်းက နိုင်ငံအနှံ့ဆက်သွယ်ရေးကဏ္ဍအပေါ် ကြားဝင်နှောင့်ယှက်မှုတွေ စတင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ယာယီ အင်တာနက်ဖြတ်တောက်မှုပြီးကတည်းက ဆိုရင် ၂၀၂၁ ခုနှစ်အင်တာနက်ဖြတ်တောက်မှုတွေဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒထုတ်ဖေါ်သူတွေကို နှိပ်ကွပ်ဖို့ ရည်ရွယ်ထားတဲ့ ပထမဆုံးအကြိမ်လုပ်ဆောင်မှုလည်းဖြစ်ပါတယ်။
စစ်ကောင်စီဟာ ညစဉ်အင်တာနက်ဖိုင်ဘာလိုင်းတွေ ဖြတ်တောက်တာ၊ မိုဘိုင်းလ်နဲ့ ကြိုးမဲ့အင်တာနက်ကွန်ယက်တွေ ဖြတ်တောက်တာအပြင်၊ ထင်ရှားကြော်ကြားတဲ့ လူမှုမီဒီယာ ပလက်ဖေါင်းတွေကို ဝင်ရောက်ကြည့်ရှုနိုင်ခွင့် ကန့်သတ်တာတွေကို သုံးလနီးပါး လုပ်ဆောင်ခဲ့ပါတယ်။
ဥပမာအားဖြင့် တယ်လီနောဟာ ဖေဖေါ်ဝါရီလ ပထမနှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကြိုတင်မခန့်မှန်းနိုင်တဲ့ အင်တာနက်ပြတ်တောက်မှုတွေနဲ့ ပတ်သက်လို့ နောက်ဆုံးရ အချက်အလက်တွေကို သူ့ရဲ့ဝက်ဆိုဒ်မှာ မှန်မှန်ကြေညာချက်ထုတ်ပြန် အသိပေးခဲ့ပါတယ်။
ထင်သာမြင်သာမရှိတဲ့ လုပ်ငန်းသဘာဝအတွင်းမှာပဲ၊ ပွင့်လင်းမြင်သာမှုကို မျှော်လင့်နေတဲ့ ပြည်သူတွေအတွက် တယ်လီနောဟာ စစ်အာဏာသိမ်းပြီး ၅ ရက်အတွင်း သူတို့ကို စစ်ကောင်စီက ထုတ်ပြန်တဲ့ ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ အင်စတာဂရန်တွေကို ယာယီပိတ်ထားဖို့ အမိန့်ကြေညာချက်အသေးစိတ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ထို့အတူပဲ၊ သူ့ရဲ့ သန်း ၂၀ ကျော်သော သုံးစွဲသူတွေအား ထောင်ပေါင်းများစွာသော အင်တာနက်ဆိုဒ်တွေထဲ ဝင်ရောက်နိုင်မှုကို ရက်သတ္တပတ်အတော်ကြာကန့်သတ်ထားဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားတဲ့အကြောင်း မြန်မာပြည်ရဲ့ ပထမဆုံးဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးနဲ့ စာတိုက်လုပ်ငန်းက အရာရှိတဦးက Frontier Myanmar သတင်းဌာနကို ပြောပြခဲ့ပါတယ်။
အခုလိုပိတ်ပင်မှုတွေက လက်ရှိမတည်မငြိမ်ဖြစ်နေတဲ့ မြန်မာပြည်ရဲ့ ဘဏ္ဍာငွေကြေးနဲ့ အင်တာနက်စီးပွားရေးကဏ္ဍကို ပိုပြိးအထိနာစေခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာတခုအရ ကူးစက်ရောဂါကြောင့် အာဏာမသိမ်းခင်ကတည်းက ခရီးသွားလာမှုတွေ ကန့်သတ်ထားတဲ့အတွက် လက်လီနဲ့ လက်ကား ရောင်းဝယ်ဖေါက်ကားတဲ့ ကုမ္ပဏီတွေရဲ့ ၃၈ ရာခိုင်နှုန်းက အင်တာနက်ရောင်းဝယ်မှုဆီသို့ ရွှေ့ပြောင်းသွားခဲ့ပါတယ်။ အဲဒါရဲ့ရလဒ်ကတော့ အင်တာနက်ကနေ ငွေပေးချေမှု နှစ်စဉ် ၇၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း အဲဒီအစီရင်ခံစာက ထပ်မံဖေါ်ပြထားပါတယ်။ သို့ပေမဲ့ အဆင်ပြေတဲ့အင်တာနက်ဝန်ဆောင်မှုမရှိဘဲနဲ့ အမေဇုန်အင်တာနက်ဝန်ဆောင်မှုကဲ့သို့ လုပ်ငန်းတွေအတွက် အင်တာနက်ကို မှီခိုနေရတဲ့ ငွေကြေးလွှဲပြောင်းမှုနဲ့ တွက်ချက်မှုအတွက် ဝန်ဆောင်မှုလုပ်ငန်းတွေကို ဘယ်လိုမှ အထောက်အကူပြုနိုင်မှာ မဟုတ်ပါဘူး။
အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတာက မြန်မာပြည်ရဲ့ ပြည်တွင်းဘဏ်လုပ်ငန်းကို ပိုပြီးအထိနာစေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မေလအတွင်း လုပ်ခဲ့တဲ့ နိုင်ငံတကာကုန်သည်ကြီးများအသင်း ၁၀ ခုရဲ့ စစ်တမ်းအရ၊ ၅၀ နဲ့ ၇၅ ရာခိုင်နှုန်းလောက် စီးပွားရေးလုပ်ဆောင်မှုတွေ ကျဆင်းသွားကြောင်းနဲ့ အနောက်တိုင်းကုမ္ပဏီတွေဟာ နိုင်ငံရေး အကျပ်အတည်းအတွင်းမှာ ၁၂ ရာခိုင်နှုန်းသော သူတို့ရဲ့လုပ်ငန်းတွေကို ရပ်နားထားရကြောင်း သူတို့ရဲ့စစ်တမ်းတွေမှာ ဖေါ်ပြထားပါတယ်။
ထိုစဉ်မှာပဲ မြန်မာကုမ္ပဏီတွေ သူတို့ရဲ့လုပ်ငန်း ၆၈ ရာခိုင်နှုန်း ဆင်းသွားရပြီး ၄ ရာခိုင်နှုန်းကတော့ လုံးဝရပ်ဆိုင်းသွားရကြောင်း စစ်တမ်းက ဖေါ်ပြထားပါတယ်။
အင်တာနက်ပြတ်တောက်မှုတွေရဲ့ ပဲ့တင်ထပ်နေတဲ့ နောက်ဆက်တွဲအ ကျိုးသက်ရောက်မှုတွေကြောင့် မြန်မာ့ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဧပြီလအတွင်းမှာ ညဘက်အင်တာနက်ဖြတ်တောက်ထားတာကို ဖွင့်ပေးခဲ့ရပြီး ခွင့်ပြုတဲ့အဖြူရောင်စာရင်းပေါက် အင်တာနက်ဝန်ဆောင်မှုပေါင်း ၇၅၀ ကျော်နဲ့၊ အင်တာနက်အုပ်စုပေါင်း ၄၅၀ကို ဖြန့်ဝေခဲ့ပါတယ်။
Microsoft Office နဲ့ Google အပါအဝင်၊ ဖျော်ဖြေရေးနဲ့ ဂိမ်းဆိုဒ် ၆၀ ကျော်၊ ပို့ဆောင်ရေးဝန်ဆောင်မှု ဆိုဒ် ၂၀ ၊ ပညာရေးဆိုဒ် ၁၀ ခုကျော်အစရှိတဲ့ စီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှုတွေနဲ့ နှီးနွှယ်တဲ့ သုံစွဲမှုပေါင်း ၃၀၀ကျော်ကို ခွင့်ပြုပေးခဲ့ရပါတယ်။ ခွင့်ပြုထား တဲ့ကုမ္ပဏီပေါင်း ၅၀ ကျော်နဲ့အတူ၊ အင်တာနက်နဲ့ မိုဘိုင်းလ်ဖုန်းအသုံးပြုတဲ့ ဘဏ်လုပ်ငန်းကိုလည်း ပြန်လည်စတင်နေပါပြီ။
ဒါပေမဲ့ တယ်လီနောရဲ့ ဇူလိုင်လအတွင်း ရောင်းထုတ်မှုကတော့ စစ်ကောင်စီက ရည်ရွယ်ထားတဲ့ ပိုမိုပြီး ဖေါ်ရွေပျူငှာတဲ့ စီးပွားရေးအခင်းအကျင်းဖေါ်ဆောင်တဲ့အနေနဲ့ အဖြူရောင်စာရင်းထုတ်ပြန်မှုဟာ အောင်မြင်မှုမရှိကြောင်း သက်သေပဲဖြစ်ပါတယ်။ အင်တာနက်ဝန်ဆောင်မှု အဖြူရောင်စာရင်းထုတ်ပြန်မှုဟာ အလုပ်ဖြစ်ရမယ့် အစား၊ ကြီးထွားလာနေတဲ့ စစ်ကောင်စီရဲ့ တောင်းဆိုမှုတွေနဲ့ နောက်ထပ်အချိန်နဲ့အမျှတိုးလာနေတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအောက်မှာ အနည်ထိုင်သွားခဲ့ပါပြီ။
ဥပမာအားဖြင့် တယ်လီနောမထွက်ခင်က ကုမ္ပဏီအနေနဲ့ စိတ်မသက်မသာဖြစ်စေမယ့် တယ်လီဖုန်းတွေကို ကြားဖြတ်နားထောင်နိုင်တဲ့ စက်ကိရိယာတွေတပ်ဆင်ဖို့ ဖိအားစတင်ပေးနေခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုထားပါတယ်။ တယ်လီနောကနေ လုပ်ငန်းဝယ်ယူလိုက်တဲ့ M1 Group အုပ်စု ထူထောင်သူတွေကို ၂၀၁၉ ခုနှစ်အတွင်း အဂတိလိုက်စားမှုတွေနဲ့ တရားစွဲဆိုမှုရှိခဲ့တာကြောင့် M1 Group ဟာ တယ်လီနောလို လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို ထောက်ခံမယ့်သဘောမရှိဘဲ စစ်ကောင်စီရဲ့ နိုင်ငံရေးအတိုက်အခံတွေ အပေါ်စောင့်ကြည့်မယ့် အစီအစဉ်ကို ခွင့်ပြုဖို့ လက်နှေးနေမှာမဟုတ်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားကြပါတယ်။ တယ်လီနောက M1 Group ဆီ လုပ်ငန်းရောင်းချမှုဟာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒဖေါ်ထုတ်သူတွေအတွက် အန္တရာယ်ကြီးကြောင်း ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူတွေက သူတို့ရဲ့ပူပန်မှုကို ဖေါ်ထုတ်ခဲ့ကြပါတယ်။
နိုင်ငံစုံကော်ပိုရေးရှင်းတွေရဲ့ ဗဟိုသုတေသနဌာနက တယ်လီနောရဲ့ နော်ဝေနိုင်ငံအဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကမ္ဘာ့ဦးဆောင်အဖွဲ့အစည်းသို့ တရားဝင်တိုင်ကြားစာပို့ရာမှာ တယ်လီနောရဲ့ ထွက်ခွာမှုဟာ အဖွဲ့ရဲ့ ကျင့်ဝတ်ဝတ္တရားနဲ့ အညီဆုတ်ခွာမှု စံချိန်စံညွှန်းအားဖြင့် ကိုက်ညီမှုမရှိကြောင်း ဖော်ပြထားပါတယ်။
ဒီတိုင်ကြားစာဟာ မြန်မာအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းပေါင်း ၄၇၄ ခုကို ကိုယ်စားပြုပြီး တင်သွင်းတာလည်းဖြစ်ပါတယ်။ တယ်လီနောရဲ့ ဖုတ်ပူမီးတိုက်ရောင်းချမှုဟာ အန္တရာယ်ရှိမှုကို အခြေခံပြီး ကောင်းအောင်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ကို လိုက်နာမှုမရှိကြောင်း၊ သင့်လျှော်တဲ့ ပါဝင်ပတ်သက်နေသူတွေနဲ အဓိပ္ပါယ်ရှိရှိ တိုင်ပင်လုပ်ဆောင်မှုမရှိကြောင်း အခိုင်အမာ ဖော်ပြခဲ့ပါတယ်။
ဩဂုတ် ၁၂ ရက်နေ့မှာတော့ လူ့အခွင့်အရေးအဖွဲ့ ၄၅ ဖွဲ့ပါဝင်တဲ့ အဖွဲ့အစည်းတခုက နော်ဝေနိုင်ငံဝန်ကြီးချုပ်နဲ့ နော်ဝေဘုရင်မင်းမြတ်ထံ လိပ်မူထားတဲ့ စာတစောင်ပေးပို့ရာမှာ အထက်ပါအတိုင်းတူညီတဲ့ စိုးရိမ်ပူပန်မှုကိုဖေါ်ပြထားခဲ့ပါတယ်။ နော်ဝေအစိုးရဟာ တယ်လီနောရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားတာပါ၊ တခြား နိုင်ငံသားလွတ်လပ်ခွင့်အတွက် ဆောင်ရွက်နေတဲ့အုပ်စုတွေကလည်း M1 Group အမွေဆက်ခံရရှိမယ့် တယ်လီနောရဲ့ ဝန်ဆောင်မှုသုံးစွဲသူ ၁၈ သန်းရဲ့ ဖုန်းခေါ်ဆိုမှု အချက်အလက်တွေ လုံခြုံမှုအတွက် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖေါ်ပြောဆိုနေကြပါတယ်။
တယ်လီနောရဲ့ကြေညာချက်မှာတော့ ဖုန်းခေါ်ဆိုမှု အချက်အလက်တွေ မှတ်တမ်းထားရှိမှုဟာ ဖုန်းပြောဆိုတဲ့ အကြောင်းအရာတွေ မပါဝင်ဘူးလို့ ရှင်းပြထားပါတယ်။ ဒါပေမဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကတော့ ဖုန်းခေါ်ဆိုတဲ့ တည်နေရာနဲ့ ဖုန်းနံပတ်တွေကို စစ်တပ်ရဲ့ ဖမ်းဆီးမှုကနေ ပုန်းရှောင်နေရတဲ့ လှုပ်ရှားတက်ကြွသူတွေရဲ့ အန္တရာယ်ကင်းမှုကို ခြိမ်းခြောက်ဖို့ လုံလောက်နေတယ်တို့ ဆိုပါတယ်။
အဆိုပါဆက်သွယ်ရေးကဏ္ဍမှာ နှောင့်ယှက်မှုတွေနဲ့အတူ၊ စစ်ကောင်စီဟာ စစ်သုံးနောက်ယောင်ခံစောင့်ကြည့်တဲ့ နည်းပညာတွေကို ပြည်သူ့ဆက်သွယ်ရေးကဏ္ဍမှာ အသုံးပြုလာတာက မြန်မာနိုင်ငံဟာ နောက်ယောင်ခံစောင့်ကြည့်တဲ့ တိုင်းပြည်အဖြစ်သို့ တရှိန်တိုးမြှင့်လုပ်ဆောင်နေကြောင်း ဖေါ်ပြနေပါတယ်။
စစ်ကောင်စီဟာ ၂၀၁၇ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ဆိုင်းငံ့ထားခဲ့ပါတယ်။ ဒီနေရာမှာ တရားရုံး ဝရမ်းမပါဘဲ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေ သိမ်းယူတာ၊ အိမ်တွေကိုရှာဖွေတာနဲ့ ဖုန်းပြောဆိုမှုတွေကို ကြားဖြတ်နားထောင်တာတွေ ကိုစစ်တပ်ကလုပ်ဆောင်နိုင်ဖို့ ခွင့်ပြုထားပါတယ်။
WhatsApp ၊ LinkedIn နဲ့ Instagram တို့လို ဆိုရှယ်မီဒီယာကွန်၇က်တွေကိုအဖြူ ရောင်စာရင်းသွင်းထားစဉ်မှာဘဲ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာကိုတော့ ဆက်လက်ပိတ်ဆို့ထားဆဲပါ။ VPN မခံဘဲ ဒီဝက်ဆိုဒ်တွေကို ဝင်လို့မရနိုင်ပါဘူး။ စစ်တပ်ရဲ့ အကြွင်းမဲ့အာဏာနဲ့ အဆင်အခြင်မဲ့အင်အားသုံးမှုတွေက မြန်မာပြည်သူတွေကို အင်တာနက်မသုံးခင် မိမိဖာသာ ဆင်ဆာအရင်လုပ်ဖို့အခြေအနေတခုကို ဖြစ်စေပါတယ်။
အခုလိုဖြစ်ထွန်းမှုတွေအတွင်းမှာပဲ၊ ကော်ပိုရေးရှင်းတချို့ဟာ တိုင်းပြည်အတွင်းမှ ထွက်ခွာသွားကြပါပြီ။ တယ်လီနောရဲ့ရောင်းချမှုနောက်ပိုင်း နိုင်ငံတကာကော်ပိုရေးရှင်းတွေဟာ စစ်ကောင်စီနဲ့ ခပ်ကင်းကင်းနေကြဖို့ အခြေအနေတွေဖြစ်ပေါ်စေပါတယ်။ တကယ်လို့လူသားဆိုင်ရာ အကျပ်အတည်းတွေ ပိုဆိုးလာပါက အခုဖြစ်နေတာတွေဟာ လာမယ့်လတွေမှာ အရှိန်မြင့်လာပါလိမ့်မယ်။ မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်ရာမှာ နာမည်ကောင်း ဂုဏ်သိက္ခာအရ၊ ဘဏ္ဍာရေးအရ၊ လုံခြုံရေးအရ ကုန်ကျစားရိတ်တွေဟာ အကျိုးအမြတ်ထက် ကျော်လွန်သွားပါလိမ့်မယ်။
အခုဆောင်းပါးဟာ မူရင်းထုတ်ပြန်မှုအရ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS)က အာရှအမြင်သစ်ကဏ္ဍရဲ့ သဘောတူညီမှုနဲ့ The Diplomat မဂ္ဂဇင်းက ပြန်လည်ရိုက်နှိပ်ထုတ်ပြန်တာဖြစ်ပါတယ်။
ရေးသားသူ= အက်စ်တီချမ်း
စာရေးသူ အက်စ်တီချမ်းဟာ ဝါရှင်တန်ဒီစီရှိ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS)ရဲ့ အရှေ့တောင်အာရှပရိုဂရမ်မှာ သုတေသနအလုပ်သင်အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။
ပြန်ဆိုသူ=အေးမင်း(တာမွေ)
Ref- CSIS/The Diplomat
Photo Credit-Flickr/Remko Tanis