စစ်ကိုင်းတိုင်းအတွင်းက လွတ်မြောက်နယ်မြေတစ်ခုမှာ စက်တင်ဘာ ၅ ရက်နေ့က အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) ရဲ့ ဆေးတပ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
မြို့ပြပြောက်ကျား၊ ကျေးလက်ပြောက်ကျား စစ်သည်တော်တွေက အာဏာရှင်စနစ်ကျရှုံးအောင် တိုက်ခိုက်/တော်လှန်ရေးနည်းလမ်းအမျိုးမျိုးနဲ့ တိုင်း/ခရိုင်/မြို့နယ် အသီးသီးမှာ ပြောက်ကျား တိုက်ခိုက်ရေးနည်းလမ်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေချိန် ရဲဘော်တွေ ထိခိုက်ဒဏ်ရာနဲ့ ကျန်းမာရေးလိုအပ်ချက်တွေ အတွက်စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ပြီး သင်တန်းပေးတာလို့ သိရပါတယ်။
“သင်တန်းမှာ အခြေခံ ရှေးဦးသူနာပြုနည်းတွေ သင်ပေးတယ်။ ဒါ့အပြင် အရေးပေါ် ဖြစ်လာရင် ဘယ်လို နေရာမှာ ဘယ်ဆေးထိုးရမယ်ဆိုတာကို ကျွမ်းကျင် ဆရာဝန်တွေနဲ့ လက်တွေ့သင်ကြားတာတွေ လုပ်ပေးတယ်။” လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုသင်တန်းဟာ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)က ပေးတဲ့ ပထမဆုံး ဆေးတပ်သင်တန်းဖြစ်ပြီး နောက်လည်း သင်တန်းဆက်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။