ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ပျောက်ကင်းသက်သာလာသူတွေအနေနဲ့ ကျောက်ကပ်ထိခိုက် ဆုံးရှုံးနိုင်ခြေများတာမို့ ပုံမှန်စစ်ဆေးမှုပြုလုပ်ဖို့ ထိုင်းနိုင်ငံသမားတော်များ တော်ဝင်ကောလိပ်ဉက္ကဋ္ဌ အနုထရာ ချစ်တီနန်ဒါနာက တိုက်တွန်းထားပါတယ်။
အမေရိကန် ရောဂါဗေဒဆေးပညာဂျာနယ်တခုမှာ ဖော်ပြချက်အရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု မရှိသူတွေနဲ့ ရောဂါကူးစက်ခံရပြီးသူတွေနှိုင်းယှဉ်ရင် ကိုဗစ်-၁၉ ကူး စက်ခံထားရသူတွေက ကျောက်ကပ်ထိခိုက်ဆုံးရှုံးနိုင်ခြေပိုများကြောင်း ရလဒ်ကို ရည်ညွှန်းပြီး သူက ခုလိုပြောလိုက်တာပါ။
“ခြောက်လကြာပြီးနောက် လေ့လာမှုတွေအရ ကိုဗစ်-၁၉ လူနာတွေ၊ အထူးသဖြင့် ဆေးရုံတက်ပြီး အထူးကြပ်မတ်ကုသဆောင်(ICU)မှာ ကုသမှုခံယူခဲ့ရပြီး ပြန်လည်ပျောက် ကင်းသက်သာလာသူတွေမှာ ကျောက်ကပ်ထိခိုက်ဒဏ်ရာရမှုနှုန်း မြင့်တက်လာတာကို တွေ့ရှိရပါတယ်”
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသက်သာပြီးတဲ့ လူနာတွေမှာ eGFR လို့ ခေါ်တဲ့ Estimated Glomerular Filtration Rate ဟာ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့လည်း သူကပြောပါတယ်။
eGR ဆိုတာကတော့ လူနာရဲ့ အသက်၊ ကိုယ်အလေးချိန်၊ ကျား/မ၊ လူမျိုးစတဲ့ နောက်ခံအချက်အလက်တွေနဲ့ ပေါင်းစပ်ပြီးတော့ ရယူတွက်ချက်ထားတာဖြစ်ပြီး ကျောက်ကပ်တွေ အလုပ်မလုပ်တော့တာ အဆင့်ဘယ်လောက်ရောက်နေပြီ ဆိုပြီးပြောနိုင်တဲ့ ကိန်းဂဏန်းတခု ဖြစ်ပါတယ်။
“ဒါကြောင့်မို့ eGR အန္တရာယ်ရှိတဲ့ အဆင့်တခုထိ ကျဆင်းမသွားခင်မှာ ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသက်သာလာသူတွေအနေနဲ့ ကျောက်ကပ်ပုံမှန်စစ်ဆေးမှုတွေ လုပ် ဆောင်သင့်ပါတယ်”
ထိုင်းနိုင်ငံတဝန်းမှာတော့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၁၂ သိန်းကျော်၊ သေဆုံးသူ ၁၃,၀၀၀ ကျော်၊ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူ ၁၁ သိန်းကျော်ရှိပြီ ဖြစ်ပါတယ်။