မကွေးမြို့နယ်ထဲမှာ စက်တင်ဘာ ၃ ရက်နေ့က အန်အယ်လ်ဒီ ပါတီအလုပ်အမှုဆောင် အမျိုးသမီး ၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ပါတီဝင်တွေဆီကနေ သိရပါတယ်။
နံကပ်ကျွန်းကျေးရွာအုပ်စု၊ သရက်ပင်ကွက်ရွာမှာနေတဲ့ အန်အယ်လ်ဒီပါတီ မြို့နယ်အလုပ်အမှုဆောင် ဒေါ်ပြုံးကြည်နဲ့ ကျွန်းစုကျေးရွာမှာနေထိုင်တဲ့ နံကပ်ကျွန်းအုပ်စု အလုပ်အမှုဆောင် မမိုးကြည် တို့ကို ဒလန်တွေကသတင်းပေးတာကြောင့် အကြမ်းဖက်စစ်အုပ်စုက သုံးဘီးဆိုင်ကယ်တွေနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ပါတီတာဝန်ရှိသူ တစ်ယောက်က DVB ကို အတည်ပြု ပြောပါတယ်။
မကွေးတိုင်းအတွင်းမှာ ဒလန်တွေ သတင်းပေးတာကြောင့် အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ဝန်းရံထောက်ခံတဲ့သူတွေ အကြမ်းဖက်စစ်အုပ်စုက မကြာခဏ ဖမ်းဆီးခံနေရတယ်လို့ဆိုပါတယ်။
စစ်ကောင်စီခန့် နံကပ်ကျွန်းအုပ်စုအုပ်ချုပ်ရေးမှူးဟာလည်း အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေသလို မတရား ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။