Home
မြန်မာသတင်း
ရတနာပုံမြို့ပြတော်လှန်ရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာ
DVB
·
August 31, 2021
236486647_589874245378629_5695664429957882044_n

ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့ ရတနာပုံမြို့ပြတော်လှန်ရေးတပ်ဖွဲ့ (YURF) ဖွဲ့စည်းပြီးကြောင်း ဒီနေ့ အသိပေးကြေညာလိုက်ပါတယ်။

ရတနာပုံမြို့ပြတော်လှန်ရေးတပ်ဖွဲ့ (YURF) ကို မတ်လ ၂၆ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုထက် ပိုမိုအင်အားကောင်းစွာ လုပ်ဆောင်နိုင်ဖို့ ဩဂုတ်လ ၃၀ ရက်စွဲနဲ့ ပြည်သူလူထုကို တရားဝင်ထုတ်ပြန်ကြေညာလိုက်တာလို့ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ပါတယ်။

YURF ရဲ့ ခေါင်းဆောင်တစ်ဦးက "YURF ဟာ မန္တလေးအခြေစိုက် မြေအောက် အဖွဲ့အစည်းအဖြစ်နဲ့ NUG နဲ့ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်မလာခင်ကတည်းက ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာဖြစ်တယ်။ အဲ့ဒီတုန်းက လုပ်ငန်းစဥ်တွေကို ထုတ်မပြခဲ့ပေမဲ့ လက်ရှိမှာတော့ ပြည်သူလူထုနဲ့ ထိတွေ့နိုင်ဖို့ အခုလို အတိအလင်းကြေညာလိုက်တာပါ'' လို့ ပြောပါတယ်။

YURF မှာ လူတန်းစားအ လွှာပေါင်းစုံက နိုင်ရေးတက်ကြွတဲ့ လူငယ်လူလတ်လူကြီးတွေ ဘာသာ လူမျိုးမတူသူတွေနဲ့ စုစည်းဖွဲ့စည်းခဲ့တာပါ။

လက်ရှိမှာ YURF ဟာ ဒလန်နဲ့ စစ်ကောင်စီလက်ပါးစေတွေကို သုတ်သင်ရှင်းလင်းတာ၊ အင်အားနည်း ကင်းစခန်းတွေကို တိုက်ခိုက်တာတွေ ပြုလုပ်နေတာလို သိရပါတယ်။

နိုင်ငံရေးမျှော်မှန်းချက်များအဖြစ် "ပြည်တွင်းစစ်အပြီးတိုင် ချုပ်ငြိမ်းပြီး လူမျိုးစုတွေအားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်ဖို့၊ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ အဖွဲ့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဥ်တွေမှာ ပါဝင်ဖို့၊ လူမျိုးစုတွေနဲ့ ပြည်သူတွေရဲ့ ဘိုးဘွားပိုင်နယ်မြေ  အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့'' စတာတွေ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအရ ဖက်ဒရယ်မူကိုအခြေခံတဲ့ နိုင်ငံရေးလမ်းစဥ်ကို သွားမယ်လို့ ကြေညာထားပြီး လက်ရှိမှာ NUG နဲ့ မဟာမိတ်အရ ချိတ်ဆက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

"NUG နဲ့ မဟာမိတ်အနေနဲ့သွားမယ်၊ နောက်ပိုင်းကျရင် NUG အောက်က တပ်တစ်တပ်အနေနဲ့ ဆောင်ရွက်သွားဖို့ကိုတော့  ညီလာခံမှာ  ဆုံးဖြတ်မယ်'' လို့ ပြောပါတယ်။

ရဲဘော်တွေရဲ့ လက်နက်တပ်ဆင်ရေးနဲ့ ဘတ်ဂျက်ပိုင်းမှာ အခက်အခဲတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ 

YURF နဲ့ ပတ်သက်ပြီး အခုမှ ပြည်သူလူထုကို ချပြတာဖြစ်လို့ သူတို့ရဲ့ တော်လှန်ရေးလုပ်ငန်းစဥ်တွေကို ပြည်သူတွေ စောင့်ကြည့်ပြီး တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြဖို့ YURF ခေါင်းဆောင်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024