Home
မြန်မာသတင်း
ရန်ကုန်တွင် ဗုံးပေါက်ကွဲမှုများ နေရာအနှံ့ဖြစ်ပွားပြီးနောက် လုံခြုံရေးတင်းကျပ်စစ်ဆေးနေ
DVB
·
August 30, 2021
240940719_516248746424125_3799615079410029129_n

ရန်ကုန်မြို့မှာ ဩဂုတ် ၃၀ ရက်  ဒီကနေ့ မနက် ဗုံးပေါက်ကွဲမှုတွေ နေရာအနှံ့ ဖြစ်ပွားပြီးနောက် တောင်ဥက္ကလာပနဲ့ လှည်းတန်းအပါအဝင် မြို့နယ်တော်တော်များများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားတိုးချထားကာ ကားတွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။ 

သြဂုတ် ၃၀ ရက် မနက် ၅ နာရီဝန်းကျင်မှာ  ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့်၊ စမ်းချောင်းမြို့နယ် စီးတီးမတ်အနီးက လျှပ်စစ်မီတာရုံး၊ အင်းစိန်မြို့နယ်က ၄ နေရာအပြင် တောင်ဥက္ကလာပမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ 

တောင်ဥက္ကလာပမြို့နယ်နေ ဒေသခံ တစ်ဦးက “ပါရမီညောင်ပင်မီးပွိုင့်နားမှာ ဒီမနက် ၆ နာရီ ခန့်လောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ အသံအကျယ်ကြီးတော့ ကြားလိုက်ရတယ်။ ခု တောင်ဥက္ကလာ သံသုမာလမ်းမကြီးမှာ ရဲတွေအများကြီးရောက်နေတာတော့တွေ့တယ်။ ကားတွေ လည်းတား စစ်နေတယ်။ လုံခြုံရေးတိုးမြင့်ထားပုံရတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်

ဒီနေ့ မနက်ပိုင်း အင်းစိန်နဲ့လှည်းတန်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် လုံခြုံရေးတွေ အရင်နေ့တွေ ထက် အများအပြား ကင်းလှည့်နေတယ်လို့  ရန်ကုန်က အငှားယာဉ်မောင်း တစ်ဦးက ပြောပါတယ်။ 

ဒီနေ့မနက် ပေါက်ကွဲမှုတွေကြောင့် လူသေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုအခြေအနေကိုတော့ ခုချိန်ထိ အတည်ပြုလို့မရသေးပါဘူး။

ရန်ကုန်တိုင်းအတွင်း ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက ဩဂုတ် ၂၆ ရက်အထိ  ဗုံးပေါက်ကွဲမှုပေါင်း ၆၁၉ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၈၄ ဦးရှိခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဇော်မင်းထွန်းက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024