ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ် (၈) ရပ်ကွက်အတွင်းက သာသနာ့ဟိတကာရီသီလရှင် စာသင်တိုက်မှာ သီတင်းသုံးနေကြတဲ့ သီလရှင်အပါး ၁၁ဝ ကျော်ကို ဩဂုတ် ၂၇ ရက်နေ့က ကိုဗစ်-၁၉ စစ်ဆေးခဲ့ရာမှာ သီလရှင်အပါး ၅၀ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ နီးစပ်တဲ့မြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့ခံတဦးက “အဲဒီကျောင်းမှာနေတဲ့ ဆရာလေးနှစ်ပါးဟာ ဖျားနာလို့ ဆေးရုံကြီးကို ဆေးကုဖို့သွားရင်း ကိုဗစ်ရောဂါပိုးစစ်ကြည့်တော့ ရောဂါပိုး ကူးစက်ခံထားရတာ တွေ့ရတယ်။ အဲဒါနဲ့ ကျောင်းတိုက်တခုလုံးမှာရှိတဲ့ ဆရာကြီး၊ ဆရာလေးတွေနဲ့ ဝေယျာဝစ္စ လုပ်ပေးနေသူတွေကို စစ်ဆေးလိုက်တာ အပါး ၅၀ ကူးစက်ခံထားရတာတွေ့တယ်” လို့ ပြောပါတယ်။
လားရှိုးမြို့မှာ ဩဂုတ် ၂၇ ရက်နေ့ တစ်ရက်တည်း ၆၃ ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိပါတယ်။
လားရှိုးမြို့က ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူတွေကို ပညာရေးကောလိပ် စောင့်ကြည့်ကုသရေးစင်တာမှာ ကုသပေးနေတာတွေ ရှိပေမယ့် ကျန်းမာရေး ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေပါတယ်။
ကိုယ်တိုင်ကြုံခဲ့သူတဦးက “စင်တာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတာ ညံ့တယ်လို့ ပြောရမှာပဲ။ လူနာတွေကို ဂရုတစိုက်လုပ်ပေးတာ မရှိသလောက်ဘဲ။ ဆရာဝန်လည်း မလုံလောက်ဘူး” လို့ ပြောပါတယ်။
လားရှိုးမြို့မှာ ၂ လကျော်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၀၀ ဝန်းကျင်၊ လက်ရှိ ကိုဗစ်-၁၉ တတိယလှိုင်းကာလ ကူးစက်ခံရသူ ၂၅၀၀ ကျော်နဲ့ ရောဂါသက်သာလို့ နေအိမ်ပြန်ရတဲ့လူနာ ၂၁၀၆ ဦးရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - စီဂျေ