စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာ တောထဲမှာ ဩဂုတ် ၂၇ ရက် နေ့လယ် ၃ နာရီလောက်က စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေကို စစ်တပ်က လိုက်လံပစ်ခတ်ခဲ့တဲ့အတွက် မောင်နှမနှစ်ယောက် ကျည်ထိမှန်ပြီး တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လူငယ်လူရွယ်တွေဆိုတော့ တိမ်းရှောင်ကြရတာပေါ့။ ဒီလောက်အထိ လိုက်မလာဘူး အထင်နဲ့ တောထဲက တဲလေးတခုမှာ နားနေရင်းနဲ့ မောင်နှမနှစ်ယောက်လုံး သေနတ်နဲ့ ပစ်ခံလိုက်ရတာ။ အစ်ကိုဖြစ်သူက ဝမ်းဗိုက်ထိသွားပြီး ညီမဖြစ်သူက လက်မောင်းထိသွားတယ်လို့ ပြောတယ်။ အချိန်မီ ကုသပေးနိုင်ဖို့ ကြိုးစားရင်းနဲ့ ဗိုက်ထိတဲ့သူက ညနေ ၄ နာရီလောက်မှာ ဆုံးသွားတယ်။ လက်မောင်းမှန်တဲ့သူကိုတော့ သွေးတိတ်အောင် စည်းပေးထားတယ် ပြောတယ်။ စစ်သားတွေ ရှိနေတော့ တခြားသူတွေကလည်း ကူညီဖို့ မလွယ်ဘူးဖြစ်နေကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တန့်ဆည်မြို့နယ်။ ကပေါင်းကျကျေးရွာကို ဩဂုတ် ၂၆ ရက် မနက် ၃ နာရီလောက်ကတည်းက စစ်တပ်ကစတင်ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။
ဒီနေ့အထိအချိန်အထိ စစ်တပ်က ရွာသားတွေကို လိုက်လံဖမ်းဆီး ပစ်ခတ်တာတွေ ပြုလုပ်နေတာဖြစ်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပစ်ခတ်ခံရလို့ သေဆုံးသူ နှစ်ဦး ရှိသွားပြီလို့ သိရပါတယ်။
Photo-ဒေသခံ