Home
မြန်မာသတင်း
မြန်မာနိုင်ငံသွားမည့် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌကို ဂျပန်ရောက်မြန်မာများ ကန့်ကွက်ဆန္ဒပြမည်
DVB
·
August 24, 2021
WATA

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ပတ်သက်နေတဲ့ ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာ ဝတနဘဲဟီဒဲအို  မြန်မာနိုင်ငံကို ထပ်မံသွားရောက်မယ့်အပေါ်  ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက  ကန့်ကွက် ဆန္ဒပြကြဖို့ စည်းရုံး လှုံဆော်နေကြပါတယ်။

ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ  မစ္စတာဝတနဘဲဟာ လာမယ့် စက်တင်ဘာလဆန်းပိုင်းမှာ မြန်မာပြည်ကို ထပ်မံသွားရောက်ဖို့ အစီအစဉ်ရှိနေတယ်လို  သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံက သိရပါတယ်။

မြန်မာနိုင်ငံကို ၂၀၀၈ နောက်ပိုင်း အကြိမ်များစွာဝင်ထွက်နေတဲ့  မစ္စတာ ဝတနဘဲဟာ စစ်ကောင်စီအာဏာသိမ်းမှု နောက်ကွယ် မှာပါဝင်ပတ်သတ်နေသူ  သူတဦးဖြစ်တယ်လို့ ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။

မစ္စတာ ဝတနဘဲဟာ စစ်အာဏာမသိမ်းခင် သီတင်းပတ်ကလည်း မြန်မာပြည်ကိုရောက်ရှိခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကာ  သူတို့နှစ်ဦးအကြား သားအဖသဖွယ် ရင်းနှီးဆက်ဆံမှုတွေရှိတယ်လို့လည်း သူနဲ့ နီးစပ်သူတွေကပြောကြပါတယ်။

အာဏာသိမ်းပြီးနောက်မေလ ၁၄ ရက်နေ့က မြန်မာနိုင်ငံကို သွားရောက်ခဲ့ကာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ၂ ပတ်အတွင်း နှစ်ကြိမ် တွေ့ဆုံခဲ့သလို မွန်ပြည်နယ်အတွင်း ဖော်ထုတ်မယ့် အထူးစီးပွားရေးဇုန်ဆောက်မယ့် ဒေသကို သွားရောက်ခဲ့ပြီး ထိုအချိန်က စစ်ခေါင်းဆောင်လည်းမွန်ပြည်နယ်ရောက်နေချိန်ဖြစ်ပါတယ်။

မတ်လ ၃၀ ရက်နေ့ထုတ် Japan Myanmar Association ဂျပန်- မြန်မာအသင်းရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီအရင်ခံစာပြင်ပသို့ပေါက်ကြားခဲ့ပြီး အဆိုပါအစီအရင်ခံစာမှာ စစ်ကောင်စီရဲ့ တဖက်သတ်ထုတ်ပြန်ချက်တွေကိုသာ ရှင်းလင်းဖော်ပြထားတဲ့အတွက် စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ထောက်ခံကြောင်းပြသနေသလိုဖြစ်နေပြီး ဂျပန်ရောက် မြန်မာတွေအကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ 

လက်ရှိဂျပန်အစိုးရ ဒုဝန်ကြီးချုပ် အာဆိုတာရိုက ဂျပန်-မြန်မာအသင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် တာဝန်ယူထားပြီး တခြားထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားကြီးတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း ဖော်ဆောင်မှုအပါအဝင် မြန်မာနိုင်ငံမှာ စီးပွါးရေးလုပ်ငန်းဆောင်ရွက်မယ့် ကုမ္ပဏီအားလုံး ဂျပန်-မြန်မာအသင်းမှာ မှတ်ပုံတင်ကြေးပေးရတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၂ရက်နေ့ထုတ်ဂျပန်အခြေစိုက် အဆဟီသတင်းစာကြီးကလည်း ဂျပန်အစိုးရက မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေးလမ်းကြောင်း သဖွယ်အသုံးချနေမှုအပေါ် ထုတ်ဖော်ဝေဖန်ခဲ့ပါ သေးတယ်။

 ဧပြီ ၁၄ ရက်တုန်းကလည်း  ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက မစ္စတာ ဝတနဘဲကို တိုကျိုမြို့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024