စစ်အာဏာသိမ်းပြီး ခုနစ်လလောက်အကြာမှာ အလုပ်အကိုင်တွေ ရှားလာတဲ့အတွက် ပြည်သူလူထု စားဝတ်နေရေး ခက်ခဲနေပါတယ်။ အာဏာသိမ်းတာအပြင် ကိုဗစ်-၁၉ ကပ်ရောဂါဘေး ပြဿနာ၊ စားနပ်ရိက္ခာပြတ်လပ်မှု၊ ရေကြီးရေလျှံလို သဘာဝဘေးပြဿနာတွေနဲ့ ပြည်သူတွေ ရင်ဆိုင်နေရပါတယ်။ စစ်ဘေး၊ သဘာဝဘေးနဲ့ ကိုဗစ်ဘေး ရင်ဆိုင်နေကြရတဲ့ အခြေခံလူတန်းစားပြည်သူတွေကို စားဝတ်နေရေး ကူညီပေးနေတဲ့ ပန်းပျိုးလက်အဖွဲ့က ကိုပြည့်ဖြိုးအောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ပန်းပျိုးလက်အကြောင်းလေးကို မိတ်ဆက်ပေးပါ။ ပန်းပျိုးလက်က ဘာတွေလုပ်နေလဲ၊ ရည်ရွယ်ချက်က ဘာတွေလဲ ဆိုတာကို နည်းနည်းရှင်းပြပေးပါ။
ဖြေ။ ။ “ပန်းပျိုးလက်ဆိုတဲ့နာမည်ပေးတာ ဟိုးအရင်ကတည်းကပါ။ ကျနော် ကလေးတွေကို ချစ်တယ်ဗျ၊ ကလေးတွေကိုချစ်တော့ ကူညီမယ်ပေါ့၊ မိဘမဲ့ကလေးတွေ၊ လမ်းဘေးမှာ အပစ်ခံရတဲ့ကလေးတွေကို ကူညီပေးမယ်ဆိုပြီးတော့။ ပြောရရင် ကျနေ ပန်းပင်လေးတွေစိုက်မယ်၊ ဖူးပွင့်လာတဲ့အခါကျရင် မြန်မာပြည်ကြီးအတွက်လည်း တိုးတက်လာမယ့် ကလေးမျိုးတွေကို ပြုစုပျိုးထောင်ပေးမယ်ဆိုပြီးတော့ ပန်းပျိုးလက်ဆိုတဲ့ နာမည်လေးပေးလိုက်တာ။ ဟိုးအရင်ကတော့ ကွန်ရက်ဆိုပြီးထောင်ထားတာရှိတယ်၊ ကွန်ရက်ကလေးနဲ့ လှုပ်ရှားတာ။ ဒီကာလကျတော့ ကျနော် တခုခု လွဲချော်သွားရင်လည်း ကွန်ရက်အဖွဲ့ဝင်တွေ အကုန်လုံး ဒုက္ခရောက်မှာစိုးတဲ့အတွက် ကျနော့်တကိုယ်တော် ပန်းပျိုးလက်ဆိုပြီးတော့ လှုပ်ရှားနေတာ။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကျနော် အရင်က ကလေးတွေအတွက်ပဲ။ အဓိကပညာရေးပေါ့၊ ကလေးတွေရဲ့ ပညာရေးရယ်၊ လူမှုရေးရယ် ကျနော်ဦးတည်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဘာလိုလို ဖြစ်သွားပြီပေါ့၊ ပန်းပျိုးလက် ဘာလိုလို ကျနော်ကူညီပေးမယ်ဆိုပြီးတော့ လုပ်နေပါတယ်။”
မေး။ ။ အစ်ကိုကူညီတဲ့ မှတ်တမ်းတွေမှာ ကယားပြည်နယ်စစ်ဘေးရှောင်စခန်းတွေကို သွားကူညီတာ တွေ့ရပါတယ်။ ကယားပြည်နယ်ထဲက ပြည်သူတွေ ဘယ်လိုအခက်အခဲနဲ့ ကြုံနေတာကို မျက်စိနဲ့ မြင်ခဲ့ရလဲ။ Camp (စခန်းချနေရာ) ရောက်သွားတဲ့အခါကျတော့ ဘာတွေမြင်ခဲ့ရ၊ ကြားခဲ့ရသလဲပေါ့။ သူတို့အတွက် ဘာလုပ်ပေးဖို့ လိုအပ်နေသလဲပေါ့။ အကိုရော တတ်နိုင်သလောက် ဘယ်လိုတွေ ကူညီပေးခဲ့တယ်ဆိုတာ ပြောပြပါ။
ဖြေ။ ။ “ကျနော် စပြီးတော့ရောက်တာ ဒီးမော့ဆို (ကယားပြည်နယ်) ပေါ့။ စစ်ဘေးရှောင်စခန်းတွေစပြီးတော့ သွားတာ ဒီးမော့ဆို၊ ပြီးတော့ နောက်ပိုင်းမှာ ဘောလခဲ၊ ဖရူဆိုတို့၊ လွိုင်ကော်တို့၊ မော်ချီးတို့၊ မယ်စဲ့တို့ အားလုံးပေါင်း ခြောက်နေရာ၊ ခုနှစ်နေရာလောက်ဖြစ်လာတယ်။ ကျနော်စပြီး သိတဲ့အချိန်မှာ သိတော့ တက်သွားတာ ဟိုရောက်တော့ မိုးတွင်းကြီး၊ မိုးတွင်းကြီးဆိုတော့ စရွှေ့လာရင် ပထမလိုတာက အမိုးအကာပေါ့၊ အဲဒီတော့ ဝါးတဲတွေထိုးမယ်၊ အမိုးအကာလိုတော့ စပြီးစီစဉ်တယ်။ စီစဉ်ပြီးတော့ စားနပ်ရိက္ခာ။ တိုင်းရင်းသားကတော့ ပြဿနာမရှိဘဲ ဆန်နဲ့ဆားနဲ့ရရင် စားလို့ရတယ်။ အဲဒီဆန်နဲ့ဆားနဲ့က အလျဉ်မမီဘူး။ ဒီနေ့မှာ ကျနော့်နေရာကို လူနှစ်ရာ ရောက်လာရင်၊ နောက်နေ့ကျရင် စားနပ်ရိက္ခာအခက်အခဲရှိတယ်။ အဲဒီကြားထဲမှာ ဘာထပ်ဖြစ်လဲဆိုတော့ ကိုဗစ်ပေါ့။ ကိုဗစ်က နောက်လာတဲ့လူတွေမှာ ပါလာတယ်။ အရင်လူတွေထဲမှာ မရှိဘူး။ ပါလာတော့ ကိုဗစ်ပါ ထပ်ထိတာ။ အဲဒီတော့ နောက်ပိုင်း စခန်းတွေမှာ စစ်ဘေးရှောင်တွေထဲမှာ ကိုဗစ်အတွက် သီးသန့် camp ပုံစံလေးသီးသန့်လုပ်ထားရတဲ့ပုံစံလေး ဖြစ်သွားတယ်။”
မေး။ ။ Camp တွေကိုရောက်သွားတဲ့အခါ အခြေခံပြည်သူတွေ ဘယ်လိုအခက်အခဲတွေရှိလဲ။ ဘာတွေ မြင်ခဲ့ရ၊ ကြားခဲ့ရလဲ။ သူတို့အတွက် ဘာတွေလိုအပ်နေ၊ ဘာလုပ်ပေးဖို့လိုမလဲ။ အကိုရော ဘာတွေ ကူညီပေးခဲ့လဲ။
ဖြေ။ ။ “စစချင်းရောက်တော့ တတ်နိုင်သလောက်လုပ်ပေးဖြစ်တယ်၊ လုပ်ပေးရင်းနဲ့ ယိုးဒယားဘက်က ဆရာတော်ကလည်း ကူညီပေးထားတယ်။ သိန်းတစ်ထောင်ကျော်လောက် ကိုစစ်ဘေးရှောင်တွေအတွက်ကို သီးသန့်။ စခန်းတခုကို သိန်းငါးဆယ်၊ သိန်းခုနှစ်ဆယ် အဲလိုမျိုးလေးကူညီပေးပြီးတော့ ရိက္ခာနဲ့ အမိုးအကာအတွက် သီးသန့်၊ ပြီးတော့ ဆေးဝါးလေးတွေ လိုလာတယ်။ ဆေးဝါးက ကိုဗစ်ဖြစ်တော့ကျတော့မှ သူက ဆေးဝါးဆောင်ကြတယ်၊ တိုင်းရင်းသားတွေက။ ဆေးဝါးကို တတ်နိုင်သလောက် ကျနော်တို့ ရှာပေးမယ်။ ရတာလေး ယူတော့ ပြုစုကုသမှုကျတော့ ရွာမှာ ဒေသန္တရ ကျန်းမာရေးဆရာမလေးတွေ ပါလာတာရှိတယ်၊ တချို့ကျတော့ ကျန်းမာရေးအသိပညာရှိတဲ့လူ အဲဒါမျိုးရှိတယ်၊ ပြီးတော့ တချို့စခန်းလေးတွေမှာ ဆေးဆရာဝန်တွေ တချို့ ပါလာတာရှိတယ်။ သူတို့ကပဲ ဦးစီးပြီးတော့ စခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးတာပေါ့။ လိုအပ်ချက်က စစ်ဘေးရှောင်အတွက်ကျတော့ လှူတဲ့ Donor (အလှူရှင်) ကအစ နည်းနည်းလန့်တယ်ဗျ၊ ငြိမှာစိုးတာပေါ့နော်၊ စစ်ဘေးရှောင်ကို ကူရင်ဘာဖြစ်နိုင်တယ် ဆိုတာမျိုး။ တချို့အလှူမျိုး ရန်ကုန်မှာ အခုဖြစ်နေတဲ့ အောက်ဆီဂျင်လှူမယ်၊ ရတယ်၊ အောက်ဆီဂျင်လှူပေးမယ်။ --- စခန်းအတွက်ထည့်ပေးမယ်၊ ရိက္ခာတွေ လှူမယ်။ ဒါပေမဲ့ စစ်ဘေးရှောင်အတွက်ကျတော့ လှူလိုက်ရင် ပြဿနာများတက်မလားဆိုတဲ့ စိုးရိမ်မှုနဲ့ကျတော့ စစ်ဘေးရှောင်တွေဆီ ရောက်သင့်သလောက် မရောက်တာတွေ ရှိတယ်။ အဲဒီတော့ အခုနောက်ပိုင်းဆိုရင် များလာတော့ ရိက္ခာတော့ သေချာပေါက် …၊ ဆေးဝါးက ထိန်းလို့ရသေးတယ်၊ ရိက္ခာက နေ့တိုင်းကုန်နေတာ။ အဲဒီတော့ ရိက္ခာတော့ အဓိကလိုလိမ့်မယ်။”
မေး။ ။ ကယားပြည်နယ်ကို သွားခဲ့သလိုပဲ မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေကို ပန်းပျိုးလက်က သွားအကူအညီပေးတာကို တွေ့ရပါတယ်။ မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေကရော ဘာတွေများ လိုအပ်နေလဲ။ စစ်အာဏာသိမ်းပြီးသွားတဲ့အချိန် မှာ အလုပ်အကိုင်တွေက ရှားတယ်။ အရောင်းအဝယ်တွေ မကောင်းဘူး။ စသဖြင့် ပြသနာတွေလည်းရှိတာကိုး။ ဆိုတော့ မွန်ပြည်နယ်က ဒေသခံပြည်သူတွေက ဘာတွေ ပြောကြလဲ၊ သူတို့ဘာအခက်အခဲရှိကြလဲ။ ကူညီခဲ့တာတွေကော နည်းနည်းလေးဆီ ပြောပြပါ။
ဖြေ။ ။ “မွန်ပြည်နယ်ဘက်ကကျတော့ အဓိကရေကြီးသွားတဲ့နေရာဖြစ်တဲ့ ကျိုက်မရော၊ ကြာအင်းဆိပ်ကြီးရှိတယ်။ အဲဒီနေရာတွေက ပုံမှန်လိုလို နှစ်တိုင်းလိုလို မိုးအားကောင်းရင် ရေကြီးတဲ့နေရာတွေ။ အဲဒီတော့ ပိုက်ဆံတတ်နိုင်သူတွေကတော့ ထုံးစံအတိုင်း သူတို့ပြင်ထားတာရှိတာပေါ့။ ဒီနှစ်ကျတော့ နည်းနည်းဆိုးသွားတာက နှစ်ထပ်အိမ်တွေဆိုရင် အိမ်အောက်ဘက်က မြုပ်သွားတာ။ အိမ်အပေါ်ထိရောက်ဖို့ နှစ်ပေနီးပါးလောက်ပဲ ကျန်ခဲ့တဲ့အိမ်တွေရှိတယ်။ အဲလိုကျတော့ အောက်ခန်းက အကုန်သွားရော၊ အဲဒီမှာ သူတို့လှောင်ထားတဲ့ ဆန်တွေကအစ ပါကုန်တာပေါ့။ စားနပ်ရိက္ခာ ဆန်ဆီဆား ငြုပ်၊ ကြက်သွန် တတ်နိုင်သလောက် ဝိုင်းကူကြတယ်။ ပြီးတော့ ဆေးဝါးပေါ့။ သူတို့ဘက်ကျတော့ ကိုဗစ်မဟုတ်တော့ ပါရာစီတမောတို့၊ အားဆေးလောက်ပဲ။ နောက်တခု အဓိကက ရေသန့်ပေါ့။ ရေသန့်လုံးဝသောက်စရာ အဆင်မပြေတော့ ရေသန့်တွေ ပါသွားမယ်။ ပါသွားတော့ ကျိုက်မရောဘက်ကိုပဲ ဆရာတော်နဲ့ ကျနော်နဲ့ပေါင်းရင် သိန်း ခြောက်ရာငါးဆယ်လောက်လှူဖြစ်တယ်။ သူတို့မှာ ဘယ်လိုမျိုးအခက်အခဲရှိလဲဆိုတော့ ရန်ကုန်မှာလိုပဲ အလုပ်အကိုင်ရှားပါးမှုရှိတယ်။ ရန်ကုန်တို့လို မြို့ကြီးတွေထက်စာရင် သူတို့က နည်းနည်းလေး တော်သေးတယ်လို့ ပြောရမယ်။ မြို့ကြီးတွေမှာ အလုပ်အကိုင်မရှိတော့ နယ်ကလာလုပ်တဲ့ အလုပ်သမားက အဆောင်လစာတွေ၊ စားရေးသောက်ရေးတွေ အဆင်မပြေဘူး၊ သူတို့မှာကတော့ ပုံမှန်စိုက်ပျိုးရေး လေးလုပ်နိုင်ရင်ကို ၀င်ငွေလေးက ကိုယ်တွေထက်အောင် ရှိနိုင်တဲ့အနေအထားလေး။ အဲဒီတော့ သူတို့ကတော့ တခါအခက်အခဲဖြစ်လို့ သဘာဝဘေးပုံစံနဲ့ပဲ သွားကူတဲ့အနေအထားပေါ့။”
မေး။ ။ ပြည်သူတွေကြုံနေရတဲ့အခက်အခဲ၊ ပြဿနာတွေပေါ့။ ကူသူတွေရှိတယ်ဆိုတာလည်းမှန်ပါတယ်၊ ဒါပေမဲ့ အမြဲတမ်းကူဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးပေါ့။ အဲဒီတော့ ပြည်သူတွေ ဒီအကျပ်အတည်းကနေ လွန်မြောက်နိုင်အောင် ဘယ်လိုဖြစ်သင့်လဲ၊ ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ “ပြည်သူတွေရဲ့ အကျပ်အတည်းက ခေတ်ကာလမကောင်းရင်၊ ကိုဗစ်ကလည်း ဒုက္ခပေးတာ တနှစ်ကျော်သွားပြီ။ ကိုဗစ် စဖြစ်တုန်းက တယောက်သေတယ်၊ နှစ်ယောက်သေတယ်။ အလုပ်တွေ ကောက်ပိတ်ပစ်လိုက်တယ်။ ပိတ်တော့ ပုံမှန်ကုမ္ပဏီလစာစားတွေ ပြဿနာမရှိသေးဘူးဗျ၊ ဘယ်သူတွေ ပြဿနာရှိလဲဆိုတော့ နေ့စားလုပ်တဲ့သူတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းမှာ နေ့စားလုပ်တဲ့သူတွေ၊ အဲဒီအချိန်တုန်းက ကူညီဖို့ လူတွေက တော်တော်များများ အဆင်ပြေတဲ့အခါကျတော့ တယောက်တလက်ပေါ့၊ နိုင်သလောက် နိုင်သလောက် ဝိုင်းပြီးတော ထမ်းကြတော့ တချို့နေရာလေးတွေ ရိက္ခာလေးတွေ လိုက်ပေးတာမျိုးတွေရှိတယ်။ အဖွဲ့လေးတွေလည်းများတယ်။ အဆင်မပြေတဲ့ နေရာလေးတွေကိုလည်း တော်တော်များများ ရောက်လာတယ်။ ကိုဗစ် ဒုတိယလှိုင်းလည်း ရတယ်၊ အဆင်ပြေသေးတယ်။ တတိယလှိုင်းကျတော့ အကျပ်အတည်းက ဖြစ်လာပြီ၊ အကျပ်အတည်း ဖြစ်လာတယ်ဆိုတာ။ တချို့က ကူချင်တယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက တက်တက်ကြွကြွပါတဲ့ သူတချို့တောင် ကျနော်တို့ လိုက်ခေါ်ရင် မလိုက်တော့ဘူး။ သူတို့လည်း သူတို့အခက်အခဲနဲ့ သူတို့ပေါ့၊ မလိုက်ရဲကြဘူး။ မလိုက်ရဲတဲ့အခါကျတော့ နောက်ကနေ supporting ထောက်ပံ့ပေးပါ့မယ် နည်းနည်းပါးပါး၊ တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုပေမယ့် ဟိုးအရင်ကလို လှူနိုင်တဲ့အင်အားတွေ မရှိတော့ဘူး၊ ခက်ခဲလာတယ်။ လှူနိုင်တဲ့ အင်အားမရှိတော့။ တကယ်တော့ဗျာ အခက်အခဲရှိတဲ့နေရာမျိုး ဘယ်လိုဖြစ်သွားလဲဆိုတော့ သွားပြီး သေချာသွားကြည့်ရတယ်။ တကယ်ပဲ ခက်ခဲနေလား၊ ဒီနေရာရဲ့ လိုအပ်ချက်ကဘာလဲ။ ဆန်လိုတာလား၊ ဆီလိုတာလား၊ ဆေးလိုတာလား၊ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုလိုတာလား။ သူတို့လိုတဲ့ဟာကို သွားကြည့်ပြီးမှ သေသေချာချာပြန်ပြီးတော့ ဒီဘက်မှာ စီစဉ်ရတယ် အချိန်ယူပြီးတော့။ အဲဒီထဲမှာမှ ဒိန်းဆို အရမ်းကိုခက်ခဲနေတယ်၊ စားစရာကိုမရှိတော့ဘူး ဆိုသူတွေကို ရှိတာလေး ထုတ်ပေးလိုက်ရတယ်။”
“အဓိကကတော့ နေ့စားအလုပ်သမားတွေပေါ့။ အခုဆိုရင် ပိုဆိုးတာက ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ရပ်ကုန်ပြီ။ ကုမ္ပဏီတော်တော်များများကလည်း ပိတ်ကုန်ပြီ။ ကိုဗစ်ဆိုရင် ရန်ကုန်ဘက်တွေဆိုရင် လူတိုင်းလိုလို ဖြစ်ဖူးတယ်ဆိုသလို လူတိုင်းလိုလို ဖြစ်နေတာမျိုးဖြစ်နေတော့ စျေးဆိုင်တွေတောင် ပိတ်တယ်ဆိုတော့ အခြေခံလူတန်းစားအတွက်က တော်တော်လေးကို ဒုက္ခရောက်တာ။ ဘာဖြစ်လာလဲဆိုတော့ လူတိုင်းလိုလို စျေးသည်တွေဖြစ်လာတယ်။ တော်တော်များများတွေ့ရတာက ယောကျ်ားလေးက အရင်ကဆို နေ့စားအလုပ်လုပ်ကြတယ်၊ အခုဘာလုပ်ကြလဲဆိုရင် အားလို့ရှိရင် ငါးထွက်မျှားပြီး ကိုယ့်အိမ်စားဖို့ ကိုယ့်ဖာကိုယ် ငါးမျှားပြီးရှာရတဲ့လူမျိုး၊ မိန်းမတွေ ကလေးတွေက ပလတ်စတစ်လိုက်ကောက်နေတာ၊ ပုလင်းခွံတွေ ဘာတွေ၊ ပလုံကောက်တာခေါ်တာပေါ့။ အဲဒါတွေ လိုက်လုပ်နေရတဲ့ မိသားစုတွေရှိတယ်။ သူတို့တွေကျတော့ အရင်က ကျနော်တို့ ဆန်ခြောက်ပြည်အိတ် လှူတယ်၊ အခုကျတော့ ကျနော်တို့ ဘယ်လိုပြောင်းရလဲဆိုရင် ခြောက်ပြည်ဆိုရင် တအိမ်ကို ခြောက်ပြည်၊ ငါတို့မှာရှိတဲ့ဟာလေးနဲ့ဆိုရင် အိမ်ထောင်စုက တစ်ရာ့ငါးဆယ်ရမယ်၊ တအိမ်ကို သုံးပြည်ဆိုရင်တော့ အိမ်ထောင်စု သုံးရာဖြစ်သွားလိမ့်မယ်ဆိုတဲ့ဟာမျိုးနဲ့ လှူတဲ့သူက ဆန့်ပြီး ပြန်လှူနေရတဲ့ အခြေအနေ။ ဆန်လှူတော့ တချို့ကကျတော့ ဒီပေးလိုက်တဲ့ဟာလေးတွေ သူ ဘယ်နှရက်စားနိုင်မှာတဲ့လဲ၊ ကုန်သွားရင် ငါတို့ ဘယ်လိုလုပ်ကြမလဲဆိုတာ အဖြေရှာဖို့က။ ကျနော်ထင်တယ် အလုပ်အကိုင်တွေ အကုန်လုံး ပြန်လုပ်နိုင်ရင်၊ ရောဂါလေးလည်း ကျသွားမယ်ဆိုရင်၊ ပြီးတော့ နိုင်ငံရဲ့ ပြောင်းလဲမှုတခု အလုပ်အကိုင်အခွင့်အလမ်းစီးပွားရေးတွေ တိုးတက်လာအောင် အဆင့်တခု ပြောင်းလဲဖို့တော့ လိုနေပြီလို့ပဲ ကျနော်ထင်တယ်ဗျ။ နောက်မို့ဆိုရင် ကျနော်တို့ကူနိုင်မယ်ဆိုရင်လည်း ဘယ်လောက်ကူနိုင်မှာလဲ။ ခါလီကျသွားမှာပဲ။”
မေး။ ။ ကူညီတယ်ဆိုတော့ ငွေကြေးလိုမယ်၊ ရန်ပုံငွေလိုမယ်။ အဲဒါတွေကို ပရဟိတသမား တွေအနေနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ ရှာဖွေနေသလဲ။ ပြီးတော့ ဘယ်လိုပြန်ပြီးခွဲဝေသုံးစွဲနေသလဲဆိုတာလေး ရှင်းပြပါလား။
ဖြေ။ ။ “ပထမဦးဆုံး စစ်ဘေးပေါ့၊ စစ်ဘေးကို စပြီးတော့ မင်းတပ်ဘက်ကမှာ စဖြစ်တယ်။ မင်းတပ်ပြီးတော့ ထန်တလန်ပေါ့ စစ်ဘေးရှောင်၊ နောက် ကချင်တို့ ရှမ်းတို့၊ ကယားတို့ ဆက်နေတယ်။ အင်းမတို့။ ပထမဦးဆုံး စတက်မယ့်အချိန်မှာ ကျနော်အရင် လူမှုကူညီရေးအသင်းဆိုပြီးတော့ အခမဲ့လုပ်ဖို့ဆိုပြီးတော့ စုထားတဲ့ ပိုက်ဆံလေးတွေရှိတယ်။ ပြီးရင် ကလေးတွေအတွက် မိဘမဲ့ဂေဟာ ဆောက်ပေးဖို့ဆိုပြီးတော့ ကျနော်စုထားတာလေးတွေရှိတယ်။ အဲဒီစုထားတာကို အရင်ဦးဆုံးသွားထုတ်လိုက်ပြီးတော့ ….ရသလောက်နဲ့ ငါတက်မယ်ကွာဆိုပြီးတော့ တက်မယ်စုံစမ်းတော့ ဒီကတက်လာရင် လမ်းမှာတော့ အစစ်အဆေးတော့ရှိမှာ။ အဲဒီတော့ ပြောရရင် ကျနော်တို့က ပရဟိတလုပ်နေတာဆိုတော့ စိတ်လည်းမဝင်စားဘူးဗျ။ စကားတွေလည်း အများကြီးမပြောချင်ဘူး။ အဲဒီတော့ ကျနော်တို့ဘာလုပ်ရလဲဆိုတော့ ရတယ်၊ ဘာမှမယူတော့ဘူး။ ကြုံတဲ့ကားနဲ့တက်တယ်။ လိုင်းကားနဲ့ရရင် လိုင်းကားနဲ့တက်တယ်။ အမ်းကို ကြုံတဲ့ကားနဲ့ တက်သွားတယ်။ တက်သွားပြီး ကျနော် နီးစပ်ရာမြို့မှာပဲ ကြည့်လိုက်တယ်၊ ဒီဆိုင်မှာ အမရေ ကျနော် ဆန်ငါးအိတ်လိုချင်တယ် ဆန်ရောင်းမလား၊ ရောင်းရင် ကျနော် ပိုက်ဆံချေ၊ ဘောင်ချာဖြတ်ပြီးတော့ ကင်းမဆိုရင် ကင်းမမှာ အဲဒီဘောင်ချာကိုပေးလိုက်တယ်၊ အဲဒီကင်းမရဲ့ ရွာလူကြီး ရပ်မိရပ်ဖပုံစံမျိုးကို စာရွက်ဘောင်ချာပေးလိုက်တယ်၊ အဲဒီမှာ ကိုယ့်ဖာသာကိုယ် သွားသယ်လိုက်ဆိုပြီး၊ ကျနော် နောက်တနေရာသွားမယ်။ အဲလိုနဲ့ ကျနော် တနေရာပြီးတနေရာ နီးစပ်ရာနေရာလေးမှာ ပစ္စည်းတွေ ပေးထားလိုက်တယ်၊ အဲလိုလုပ်တာ။ ကယားကျတော့ နည်းနည်းပြဿနာ ရှိတာက တချို့နေရာမှာ ကျနော်တို့ဆီကိုလာတဲ့ ပိုက်ဆံ Wave Money, KPay တို့နဲ့လာတယ် လှူချင်သူတွေဆီက ဒါလေးလှူပေးပါဆိုပြီး။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ရာခိုင်နှုန်း၊ အမြတ်ကြီးစားသူက ဘယ်လောက် ပါစင်းနိတ်ရမှ ထုတ်ပေးမယ်။ အဲဒီမှာ ကျနော် တခါဘာဖြေရှင်းရလဲဆိုရင် ဆိုင်ကို ကျနော်မေးတယ် ညီမရေ ဒါလေးလိုချင်တယ် ကျနော် Kpay လေးနဲ့ ရှင်းပေးလို့ရမလား။ Wave Money နဲ့ ရှင်းပေးလို့ရမလား။ အဲဒါမျိုးကို ပါစင်းနိတ်မပေးနိုင်ဘူးဗျ။ ပေးလိုက်တဲ့ ပါစင်းနိတ်က ဆန်တအိတ်ဖိုးလည်း ဖြစ်ချင်ဖြစ်မယ်လေ။ ဒါပေမယ့် ကူပေးနေတဲ့သူတွေလည်းရှိပါတယ်။ တခုရှိတာက ကူပေးမယ်တယ်၊ လက်ရှိဆိုရင် ကျနော် ကယားလည်း တထောင် (သိန်းတထောင်) ကျော်ကျော်လောက်ဖြစ်သွားပြီ။ ကျနော့်သူငယ်ချင်းတွေ၊ စလုံးဘက်က အပြင်က ဝိုင်းလှူကြတာ။ ကျနော်တို့မှာလည်း ဘတ်ဂျက်က တော်တော် ကျနေပြီ။ ဘယ်လောက်ထိကျသလဲဆိုရင် သိန်းဂဏန်းလောက်ပဲ ကျနော့်မှာရှိတော့တယ်။ အဲဒါတောင်မှပဲ တော်ကြာ အကိုရေ ဒီမှာ ဆန်မရှိတော့ဘူး ပြောရင်၊ အဲဒီမှာ သွားသယ်လိုက် ငါရှင်းပေးမယ်ဆိုပြီး ခေါက်ပြန်ပုံစံမျိုးတောင် လုပ်ပေးနေရတယ်။ လုပ်ပေးနေရတော့ တချက်ကြောက်တာက ဘတ်ဂျက်ခန်းပြီး ကျနော်တို့ ရပ်သွားမှာကို။ ပရဟိတသမားတွေ အကုန်လုံးအဆင်မပြေတော့ဘူး။ ဘတ်ဂျက်ခမ်းလို့ ရပ်လို့သွားတဲ့အချိန်ဆိုရင်တော့ အကုန်ကုန်ပြီ၊ အကုန်သွားပြီ။ ကူတဲ့လူလည်း ရှိတော့မှာမဟုတ်ဘူး။ အဲဒီလို ကူတဲ့လူလည်း ရှိတော့မှာမဟုတ်ဘူးဆိုရင်တော့ ဒုစရိုက်မှုတွေ၊ တချို့ဟာတွေက ပိုများလာလိမ့်မယ်။ လမ်းပေါ်တက်လာလိမ့်မယ်။ ခုတောင်မှ အဆင်မပြေတဲ့လူတွေက ဘာဖြစ်ဖြစ်၊ ဘာရောဂါဖြစ်ဖြစ်၊ ထမင်းက အရေးကြီးကိစ္စ၊ ကျန်တဲ့ကိစ္စ ဘာပဲဖြစ်ဖြစ် သေရင်သေပလေ့စေ၊ ထမင်းတော့ အငတ်မခံနိုင်ဘူးဆိုပြီးတော့ ထွက်ပြီးတော့ ရတဲ့အလုပ်ရှာလုပ်နေရတဲ့လူတွေက အများကြီးပဲ လမ်းပေါ်ရောက်မှာလေ အဲဒါကြောင့်ပါ။”
မေး။ ။ အခုက စစ်အာဏာသိမ်းထားတဲ့ကာလဖြစ်တယ်။ တိုင်းပြည်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း အများကြီးရှိတယ်။ စစ်ဘေးရှောင်စခန်းတွေလည်း အများကြီးရှိနေတယ်။ သွားရလာရ လုပ်ရကိုင်ရတာ အဆင်ပြေရဲ့လား၊ အနှောင့်အယှက် အဟန့်အတားဘာတွေရှိနေလဲ။ သွားရင်းလာရင်း ကြုံရတဲ့အခက်အခဲတွေ ဘာတွေ ရှိနေလဲ။
ဖြေ။ ။ “တချို့ကျတော့ ကျနော်ကတော့ ပေါ်ပင်အနေနဲ့လည်းသွားတာမဟုတ်ဘူး။ ပြီးတော့ Activity လှုပ်ရှားမှုတခုအနေနဲ့ ကျနော်မလုပ်ဘူး။ လိုအပ်တဲ့နေရာကို ကျနော် လူမသိသူမသိသွားတယ်။ ရောက်အောင်သွားပြီးတာနဲ့ အဲဒီနီးစပ်ရာမှာ .. လုပ်မလဲဆိုတာ အဖြေရှာတယ်။ တချို့ကကျတော့ Activity ပုံစံမျိုးနဲ့သွားတဲ့အခါကျတော့ လမ်းမှာစစ်တယ်၊ လမ်းမှာစစ်ရင် လာပြောလို့ပြောရမှန်းမသိဘူး။ ဘာပြောရမှန်းမသိဘူးဆိုရင် ဒီကာလမှာတော့ နိုင်ငံရေးကိစ္စတွေတော့ ကျနော်တို့ အရမ်းကြီးမပြောလိုဘူး။ Supply လုပ်တာလား၊ ဘယ်သူ့ကို Supply လုပ်ဖို့လဲ၊ CDM မှာလား၊ PDF လား၊ စစ်ဘေးရှောင်ဆိုတာကို တော်တော်များများ… နားလည်မှ မဟုတ်ဘူး။ နားလည်အောင် ကြိုးစားမှာလည်း မဟုတ်ဘူး။ ဒါမြင် ဒါပဲပြောမယ့် အနေအထားမျိုးဆိုတာ ကျနော်တို့ ကြိုတွေးထားတယ်။ တွေးထားတဲ့အတွက် သွားကတည်းက လွတ်လွတ်လပ်လပ် free သွားတယ်၊ ဟိုရောက်မှ ကျွန်တော် နီးစပ်ရာနေရာကနေ ဥပမာ-လွိုင်ကော်၊ လွိုင်ကော်ဆိုရင်…။ သူကရော ဘယ်လိုစိတ်မျိုးရှိလဲ၊ ကူညီချင်တဲ့စိတ်ရှိလား။ အိုကေ လာသွားမယ်။ နယ်ခံကိုတော့ ကျနော်တို့က ချိတ်ထားလုပ်ထားရတာပေါ့။ ကျနော်တို့ Networking မှာ ဒီနယ်မှာဆိုရင်တော့ ဘယ်သူက အခိုင်အမာရှိနေတယ်။ ကိုယ်က ဒီပြင်နေရာ ရောက်နေရင်၊ ဒီနေရာမှာလိုရင် သူ့ကိုလှမ်းပြော၊ သူက လိုက်ကူပေးမယ် နီးစပ်ရာနဲ့။ နယ်ခံရှိနေတော့ အလုပ်အဆင်ပြေတာပေါ့။”
မေး ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တမြို့ကနေ တမြို့ကိုသွားဖို့တောင်မှ သွားရေးလာရေး အဆင်မပြေဘူး။ အဲဒီအခြေအနေမှာ အကိုတို့က အကူအညီပေးဖို့ ပစ္စည်းတွေ အများကြီးဝယ်ရမယ်။ အဲဒီပစ္စည်းတွေကို သယ်ရမယ်။ တိုင်းရင်းသားဒေသတွေထိ ရောက်အောင်သွားရမယ်၊ လမ်းဆိုးမယ်၊ ခက်ခဲမယ်။ အဲဒီဟာတွေကို ဘယ်လိုကျော်ဖြတ်ပြီးတော့ ဖြေရှင်းသွားကြလဲ။
ဖြေ။ ။ ပစ္စည်းသယ်ဖို့က ခုနက ကျနော်ပြောသလိုပေါ့ နီးစပ်ရာမြို့လေးမှာ ၀ယ်ခြမ်းပေးလိုက်တယ်။ ၀ယ်ခြမ်းပေးလိုက်တာနဲ့ ဒီကနယ်ခံ ကျွမ်းကျင်တဲ့သူက ပါတယ်။ ပါလာတဲ့အခါကျတော့ ကားတတန်၊ ဆိုင်ကယ်တတန်၊ ကုန်းကြောင်းတတန် ကြုံရင်ကြုံသလို သယ်ပြီးတော့ အဓိက ကျနော်တို့ဦးတည်ရာနေရာကိုရောက်ဖို့ပဲ အရေးကြီးတယ်။ လမ်းထဲမှာတော့ ပြောရရင်တော့ ဘယ်သူနဲ့မှလည်း မငြိချင်ဘူး၊ ပြဿနာလည်း မတက်ချင်တဲ့အတွက် ဒီလိုပဲ ရှောင်သွားတယ်။ တခုတော့ရှိတာပေါ့၊ သုံးနာရီလောက်သွားရမယ့်လမ်းက တခါတလေကျရင် လမ်းမှာတင် ခြောက်နာရီ၊ ခုနှစ်နာရီလောက်ကြတယ်။ ဟိုနေရာနားလိုက်၊ ဒီနေရာနားလိုက်နဲ့။ နယ်ခံပါတဲ့ အခါကျတော့ သူ့လမ်းကြောင်းကို နယ်ခံကကျွမ်းတော့ နယ်ခံကိုပဲ အားကိုးပြီးသွားရတာပေါ့။ အများကြီးတော့ ဒီဘက်က ကျနော်တက်သွားရင် ဘာမှ မသယ်သွားဘူး။ အဓိကအားဖြင့် ဆေးတော့ သယ်သွားတယ်။ ခုနောက်ပိုင်းမှာ အပင်စိုက်ဖို့ မျိုးစေ့လေးတွေ သယ်သွားတယ်။ သူတို့နေရာမှာ သူတို့စိုက်ပြီးတော့၊ အသီးအရွက်တွေ စိုက်ပြီးတော့ စားပေ့ါနော်။ အဓိကက သူတို့ကို အခြေခံထူထောင်ပေးတာ၊ ရေရှည်လည်း ကျနော်တို့က ပဲသယ်လာတာတို့၊ ဆန်သယ်လာတာတို့ မရတော့ မျိုးစေ့လေးတွေ သယ်ပေးတယ်။ သူတို့လည်ေ အဲဒီမှာ အလုပ်လုပ်၊ အလုပ်လုပ်ပြီး စားပေါ့နော်။ လူတိုင်း အလုပ်လုပ်ရမယ်ဆိုတဲ့ အတွေးမျိုးပဲ ထည့်ပေးလိုက်တယ်။ လုပ်တော့ ဒီက ထွက်လာတဲ့ အသီးအရွက်ကို သူတို့စားကြပေါ့။”
မေး။ ။ တိုင်းရင်းသားဒေသတွေ၊ နွမ်းပါးတဲ့သူတွေ နေတဲ့နေရာတွေမှာ တော်တော်လေးကို သန့်ရှင်းရေးအတွက်လည်း အခက်အခဲရှိတယ်။ အခု မိုးတွင်းကာလမှာ သူတို့အတွက် သောက်ရေ၊ သုံးရေ၊ အမိုးအကာတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ သားသည်မိခင်တွေ၊ အမျိုးသမီးတွေရဲ့ အခက်အခဲအခြေအနေတွေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ “ကျနော်တို့သွားလို့ ရောက်တဲ့နေရာတွေမှာ လူငယ်၊ လူရွယ်တွေက ကယား၊ ကရင်၊ မွန်၊ တနင်္သာရီဘက်တွေမှာ သူက ယိုးဒယားနဲ့နီးတယ်။ ယိုးဒယားဘက်နဲ့ နီးတဲ့အခါကျတော့ လူငယ်၊ လူရွယ်တော်တော်များများက နိုင်ငံခြားမှာ အလုပ်လုပ်တယ်။ သူတို့ရဲ့လူမျိုးရဲ့ ဓလေ့လိုဖြစ်နေပြီ။ နည်းနည်းအသက်အရွယ် ၁၅ နှစ်၊ ၁၆ နှစ်ဆို ဟိုဘက်ကမ်းပဲသွားမယ်၊ ဟိုဘက်မှာပဲ အလုပ်လုပ်မယ်၊ ဘတ် (ထိုင်းငွေ) ဘယ်လောက်၊ ဘယ်လောက်နဲ့ပဲ သူတို့စကားပြောတယ်။ ဒီဘက်မှာ ဘာများလဲဆိုတော့ တကယ်လည်း အရေးရယ် အကြောင်းရယ်ဆို လူလတ်ပိုင်းရယ်၊ လူကြီးရယ်၊ ကလေးရယ်က များနေတယ်။ လူငယ်လူရွယ်ဆိုတာက မရှိသလောက်ပဲ။ အဲဒီက လူကြီးတွေ တောထဲမှာ ဒဏ်ခံရတယ်၊ ကလေးကတော့ တိုင်းရင်းသားတွေ မာတယ်ဗျ။ ကလေးက တော်ယုံဖြစ်ခဲ့တယ်၊ လူကြီးတွေပဲ ဒဏ်မခံနိုင်တာ။ ဒီရာသီဥတုဒဏ်၊ ပြီးတော့ တောထဲမှာကျတော့ မြေကြီးက စိုစွတ်နေတာများတယ်။ စိုစွတ်နေတော့ အအေးပတ်ဖို့အတွက်၊ နောက်ပြီးတော့ ညဘက်ကျတော့ တချို့ဟာတွေ ကြောက်ရတဲ့အခါကျတော့ ညဘက် မီးဖိုလို့ မရဘူး။ သူတို့ ဓလေ့က မီးဖိုပြီးနေကြတာ။ မီးဖိုလို့မရတော့ အေးလည်း အေးတဲ့ဒဏ်ခံပေါ့။ ရေသန့်ကျတော့ ယိုးဒယားဘက်ခြမ်းကနေ ကျနော်တို့ဘက်ကို ပို့ပေးလိုက်တာရှိတယ် ရေသန့်စက်ကို၊ ဆိုလာနဲ့ ဘက်ထရီနဲ့တွဲပြီး ရေသန့်သောက်ဖို့အတွက်ပေါ့။ တပိုင်တနိုင်လေးတွေ အဲဒါလေးတွေ လှမ်းလှူပေးထားတာလေးတွေရှိတော့ စခန်းအလိုက် သူ့ဟာသူ စစ်ဘေးရှောင်နေရာလေးတွေ အဆင်ပြေပါတယ်။ ဆေးဝါးကလည်း ဘာတွေလိုအပ်ချက်လဲဆိုတော့ လိုအပ်ချက်တွေက အရမ်းများတယ်။ ဆိုတော့ အများကြီးလိုတယ်လည်း မပြောချင်ဘူး။ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လိုတော့ လိုနေတာပဲ။ ဒါပေမယ့် သူတို့အနေနဲ့ကလည်း မျှစားတယ်ဗျ၊ တကိုယ်ကောင်း မဆန်ကြဘူး။ အခု ကျနော်လှမ်းမေးလိုက်တယ် နင်တို့ ဆန်ဘယ်လောက်ကျန်သေးလဲ စားလို့ရသေးလားလို့။ သူတို့လှမ်းပြောတယ်၊ ထမင်းအနေနဲ့စားမယ်ဆိုရင် ငါးရက်၊ ဆန်ပြုတ်ပြုတ်သောက်မယ်ဆိုရင် ၁၄ ရက်လို့ လှမ်းပြောတယ်။ အဲဒါဆို ငါးရက်အတွင်းမှာ ဆန်ရနိုင်မလား နောက်ထပ်၊ အဲလိုမှ မရနိုင်ဘူးဆိုရင် သူတို့ ၁၄ ရက် ဆန်စားဖို့လုပ်ရတယ်။ နောက်ကျတော့ တောထဲမှာ တောင်ကျချောင်းက ငါးရှာလို့ရတယ်၊ ငါးဟင်းချက်စားလို့ရတယ်။ ဆီတို့ဘာတို့ မလိုဘူး၊ ဒီအတိုင်းပြုတ်စားလည်းရတယ်။ တာလပေါပုံစံ မျှစ်တွေနဲ့ရောပြီးတော့။ အဲဒီတော့ ထမင်းကို တယောက် ဘယ်လောက်ဆိုပြီး ပုံစံနဲ့ထည့်ပေးလိုက်တယ်၊ ဟင်းတာလပေါကို မျှစ်နဲ့ငါးနဲ့ ကြိုက်သလောက်စား၊ ၀၀စား၊ ထမင်းကတော့ ထပ်မရဘူး။ ဆန်အတွက်ကို ရိက္ခာဆန့်ရတယ်။ အဲဒါမျိုးကြုံခဲ့ရတယ်။ ကလေးကတော့ သူ့ဘာသာဘာဝ ဘာမှ မသိဘူး၊ ကစားမယ်၊ စားမယ်၊ အိပ်မယ် ဒါပဲသိတယ်။ လူကြီးတွေကတော့ အပူအပန်တွေက အများကြီးပေါ့။ အဲဒီလိုပူပန်တဲ့ကြားထဲမှာ ဟိုးအရင်ကဆိုရင် တချို့ဒီဘက်မှာ ကျနော်နဲ့ လိုက်မယ့်လူရှိတယ်၊ လိုက်ကူချင်တယ်။ ဒါပေမယ့် ကျနော် မခေါ်သွားဘူး။ မလိုက်နဲ့။ ဘာဖြစ်လို့လဲဆို ကိုယ်တွေက ကိုဗစ်စစ်တယ်၊ ဘာမှမထွက်ဘူး။ နက်ဂတစ်ဖြစ်နေတယ်၊ အဲဒီတော့ ကျနော်တို့သွားတယ်။ ကျနော့်ဆီက ပါလာတဲ့သူဆီက ပေါ့စတစ်ပါလာရင် ကျန်တဲ့လူကူးမှာ ကြောက်တဲ့အတွက် ကျနော် ဘယ်သူ့မှမခေါ်ဘူး၊ တယောက်တည်းသွားတယ်။ အဲဒီရောဂါကို ကြောက်လို့။ ဒီရောဂါ ဒီနေရာမှာသာဖြစ်ခဲ့ရင်ဆိုတာကို ကြောက်လို့။ ဒါပေမယ့် နောက်ဆုံးဘယ်လိုမှ ကျနော် တားမနိုင်ဘူး။ တနေ့တနေ့ ၀င်လာတာ နှစ်ရာ၊ နှစ်ရာနဲ့ ကလေးတွေနဲ့ ၀င်ချလာတော့ အကုန်စုနေ၊ အကုန်စုနေ လုပ်တော့ အဲဒီမှာ ကူးတာပဲ။ ကူးတော့ ကပ်ဘေး နှစ်ခုကြားထဲ၊ သုံးခုကြားထဲတွေ ရောက်ကုန်ရော။ အဲလိုဆိုတော့ သူတို့ဘဝက မလွယ်ဘူးပေါ့။ တော်တော်ခက်ခဲတယ်။ ပြန်လည်ပြီးတော့ အဆင်ပြေသွားရင်လည်း ပြန်လည်ထူထောင်ဖို့က တော်တော်ကြားဦးမယ်။ တချို့ရွာတွေက အိမ်ကိုမရှိတော့ဘူး။ အဲလိုအနေအထားမျိုးတွေရှိတယ်။”
မေး။ ။ အိမ်ကို မရှိတော့တာဆိုတာ ဘယ်လိုဖြစ်ကုန်တာလဲ။
ဖြေ။ ။ “ဘယ်လိုဖြစ်ကုန်တာလဲဆိုတော့ တချို့ရွာတွေကျတော့ ပြောရရင် တိုင်းရင်းသားမှာလည်း သူတို့ လက်နက်ကိုင်ဆိုတာရှိတယ်။ တပ်မတော်မှာလည်း တပ်မတော် လက်နက်ကိုင်ဆိုတာ ရှိတယ်။ ဟိုးအရင်ကတည်းကလည်းရှိခဲ့တယ်။ ကြာပြီဆိုတော့ တိုင်းရင်းသားတွေမှာ ဘယ်လိုဖြစ်လဲဆိုတော့ ဟိုလည်းကြောက်ရတယ်၊ ဒီလည်း ကြောက်ရတယ်။ အဓိကကျတော့ ရွာရဲ့သူကြီးပေါ့။ သူတို့ဆီမှာ သူကြီးက ခုထိရှိသေးတယ်။ သူက ဟိုဘက်လည်း အဆင်ပြေအောင် ပေါင်းရတယ်၊ ဒီဘက်လည်း အဆင်ပြေအောင် ပေါင်းရတယ်။ အဲဒီတော့ တဖွဲ့လာရင် အရှေ့ဘက်ထွက်သွားပြီ၊ တဖွဲ့လာရင် အနောက်ဘက်ထွက်သွားပြီဆိုပြီး ရွာနားမှာ မဖြစ်ရင်ပြီးရောဆိုပြီး လမ်းကြောင်းလွှဲပေးရတယ်။ ဒီကာလကျတော့ လူကလည်း ခွဲလို့မရတော့ဘူး။ ခွဲလို့မရတော့ ရွာထဲမှာလည်း ပစ်ရင်ပစ်သွားတယ်။ ပစ် ပစ်ဆိုတော့ ဟိုဟာလုပ်၊ ဒီဟာလုပ်နဲ့ မီးလောင်တာတို့၊ တချို့အိမ်လေးတွေကျတော့ သုံးစားမရတော့တာရှိတယ်၊ ဝါးအိမ်ဘာအိမ်။ ပျဉ်ထောင်အိမ်ဆိုရင်လည်း သုံးစားမရတော့ဘူး။ ပြန်နေလို့မရတော့ဘူး။ ဆောက်ဖို့ဆိုရင် အဓိက ဝါးနဲ့ အဓိကပြန်ဆောက်ရမှာ။ ကျနော် အဲဒီက အမိုးတယောက်ကို မေးခဲ့တယ်၊ အမိုးတို့အိမ် ဘာလို့ ဝါးနဲ့ဆောက်တာလဲဆိုပြီးတော့။ ခနခနပြို၊ ခနခနပျက်လို့တဲ့၊ ပျဉ်ထောင်အိမ်တို့၊ တိုက်တို့ဆောက်ရင် ငါပြန်ဆောက်ဖို့မနိုင်တော့ဘူး၊ ဝါးနဲ့က ဘယ်နားဖြစ်ဖြစ်ဆောက်လို့ရတယ်။ အဲဒါကြောင့်မို့လို့ ဝါးအိမ်ဆောက်တာတဲ့၊ ဒီရွာက ငါးခါမြောက်ပြောင်းတာတဲ့။ အဲဒီတော့ သူတို့က စစ်ဘေးရှောင်စခန်းမဟုတ်တော့ဘူးဗျ။ ရေကြည်ရာ၊ မြက်နုရာဖြစ်သွားပြီ။ ဒီနေရာသည် သူတို့နဲ့အဆင်ပြေရင် နေမယ်၊ ဒီနေရာအဆင်မပြေဘူးဆိုရင် နောက်တနေရာ သွားနေမယ်။ အဲလိုမျိုး ကိုယ့်နိုင်ငံထဲမှာကို ရွှေ့ပြောင်းရှိနေကြတာ။ ရွှေ့ပြောင်းဒုက္ခသည်ဖြစ်နေတာ။”
မေး။ ။ ပြည်သူတွေ ဒုက္ခဖြစ်နေပြီ။ ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ ပိုဆိုးလာဖို့ပဲရှိတယ်။ အဲဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အကို့အနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။ “ဒီအခြေအနေမှာ အကုန်လုံးက ခက်ခဲနေပြီ။ ဟိုးအရင်ကတည်းက ရွေးကောက်ပွဲကာလမှာ တုန်းကလည်း ကျနော် အတိုက်အခံဝေဖန်ပြောခဲ့တာရှိတယ်။ ပြောခဲ့တာဘာလဲဆိုတော့ ဘယ်သူ့ကို မဲပေးမှာလဲတဲ့။ ကျနော့်ဒေသကို ဘယ်ပါတီဖြစ်ပါစေ၊ ကျနော့်ဒေသမှာ ဒီဒေသအတွက် တကယ် အလုပ်လုပ်မယ့်သူ၊ ရင်းရင်းနှီးနှီးသိတဲ့သူကို မဲပေးမယ်ဆိုတာ ကျနော်ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် ကျနော့်ဒေသကို တိုးတက်စေချင်တယ်။ ဒီဒေသရဲ့နယ်ခံ၊ ဒီဒေသကို မွေးကတည်းက သိလာတဲ့သူ၊ ဒီဒေသရဲ့အကြောင်းကို ကျွမ်းကျွမ်းကျင်ကျင်သိမှ၊ ဘယ်လမ်းက ဘယ်လိုဆိုးတယ် ဘယ်နားကတော့ ခက်ခဲတယ် အဲဒါကို လွှတ်တော်မှာ ရဲရဲဝံ့ဝံ့ တင်ပြပြီး ဘတ်ဂျက်တောင်းရမယ်။ တောင်းပြီးလုပ်ရမယ်လို့ ကျနော်ပြောထားတာရှိတယ်။ အဲဒီတော့ အခုကာလပဲဖြစ်ဖြစ်၊ အရင်ကာလပဲဖြစ်ဖြစ် ဒီအာဏာသိမ်းတဲ့ ဖြစ်စဉ်ဖြစ်တယ်ပေ့ါ ဖေဖော်ဝါရီလ ၁ ရက်…ဖြစ်တော့ ကျနော်တို့လည်းပါတယ်။ ဝိုင်းပြီးတော့ ဆန့်ကျင်တဲ့ထဲမှာ ပါတယ်။ ဘာဖြစ်လို့ …ကောင်းတာမကောင်းတာမပြောဘူး။ ကျနော်ပြောတာတခုတည်းပဲ ဒီကာလက မလုပ်သင့်သေးဘူး။ ပြည်သူတွေက ကိုဗစ်ကနေ နလန်ထပြီး အလုပ်ကလေးတွေ ပြန်ဖွင့်တယ်။ ဒီကာလလေးတော့ မလုပ်သင့်သေးဘူး။ နည်းနည်းလေး စီးပွားရေးအဆင်ပြေသွားမှ လုပ်ပါလား၊ လုပ်မယ်ဆိုရင်လည်း။ အခုကျတော့ ကိုဗစ်လည်းဖြစ်၊ ဒီစစ်ဘေးလည်းဖြစ်၊ ကြားထဲမှာ ရေဘေးတွေ ထပ်လာတော့ .. ရန်ကုန်မှာဆိုလည်း အောက်ဆီဂျင်ကိစ္စတွေ၊ တတ်နိုင်သလောက် တွဲကူပေးတယ်။ လှူရတဲ့ အလှူရှင်ကလည်း သူ့အရပ်သူ့ဒေသမှာ အခက်အခဲက များလာတော့ ကျန်တဲ့နေရာ လှည့်မကြည့်နိုင်တော့ဘူး။ နောက်ပြီးတော့ တချို့ရှိတယ်။ ကျနော်ပြောချင်တယ် တောက်လျှောက်ပျောက်နေတယ်ဗျ။ ပြည်သူက ပြည်သူ ဘာမှန်းလည်းမသိဘူး။ ဘယ်လိုကူရမှန်းလည်း သူတို့စိတ်မဝင်စားဘူး။ ဒါပေမယ့် အဲလိုလူတွေက ပိုက်ဆံအရမ်းရှိတယ်။ သူတို့က ဘာတွေကို ကူနေလဲ။ နာမည်ကြီးတဲ့နေရာသွား။ ဒီနေရာမှာ ဘာလိုလဲ၊ အောက်ဆီဂျင်၊ ခနစောင့်နေ၊ သူ့မှာရှိတယ် မလှူဘူး၊ ပြီးလည်းပြီးရော အောက်ဆီဂျင်အခွံအိုးတွေ ဘယ်ကမှာထားတယ်ဆိုပြီးတော့ သူတို့ ရောက်ချလာတယ် ကားကြီးနဲ့။ ပြီးရင် ရော့ဆိုပြီးတော့ ပေးလိုက်တယ်။ အဲဒီမှာ Oxygen Concentrator ဆို Oxygen Concentrator၊ Oxygen Plant ဆို Oxygen Plant။ ပြောရရင် တချို့ အရမ်းချမ်းသာတဲ့လူတွေက လက်မှတ်ရမှ လှူတဲ့လူရှိတယ်။ သူတို့အတွက် မှတ်ကျောက်တင်မယ့်လက်မှတ်။ ဒီလက်မှတ်တခုနဲ့ သူတို့က Business တခုလုပ်တဲ့လူမျိုးတွေ။ ဖြစ်နိုင်ရင်တော့ ကျနော်တို့ဘက်ကိုလည်း အဲဒီ Business လုပ်တဲ့သူတွေက အလှည့်ပေးကြစေချင်တယ်။ အဆင်ပြေအောင်လို့ပေါ့။”