မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ တိုင်းဒေသကြီး အလုပ်အမှုဆောင်တစ်ယောက်နဲ့ မြို့နယ်အလုပ်အမှုဆောင်တစ်ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။
အောင်လံမြို့နယ် ရွှေပန်းတောကျေးရွာမှာ သြဂုတ် ၂၁ ရက် မနက်ပိုင်းက အန်အယ်လ်ဒီပါတီ မြို့နယ်အလုပ်အမှုဆောင် ကိုကေကေး (ခ) ကိုကျော်စိုးဝင်းကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတာလို့ သူနဲ့နီးစပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပန်းမတကျေးရွာမှာလည်း သြဂုတ် ၂၂ ရက် ညနေ ၄ နာရီလောက်က အန်အယ်လ်ဒီ ပါတီရဲ့ တိုင်းဒေသကြီး အလုပ်အမှုဆောင် ကိုကျော်ဆန်းထူးကို စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတယ်လို့လည်း ဆိုပါတယ်။
ကိုကျော်ဆန်းထူးဟာ ကျန်းမာရေးမကောင်းသူဖြစ်ပြီး ဘာကြောင့် ဘယ်နေရာကို ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းအသေးစိတ် အချက်အလက်တွေကတော့ မသိရသေးပါဘူး။