မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ သြဂုတ် ၁၈ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၃၀ လောက်သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကား အစီး ၄၀ ကျော်လောက်နဲ့ ဂန့်ဂေါ-ကလေး ကားလမ်းအတိုင်း မောင်းလာစဉ် မိုင်းခွဲတိုက်ခိုက်ခံရတာလို့ ယောဒေသခံခေါင်းဆောင်တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
“မနေ့မနက် ၉ နာရီခွဲမှာ စစ်ကား ၄၃ စီး။ အိမ်စီကား ၇ စီး။ ကလေးဘက်ကို တက်တယ် မိုင်းခွဲတာက မနေ့က မွန်းလွဲ ၁ နာရီလောက် တိုင်းရဲမှူးကြီး သူရသွင်ကိုကို ဦးစီးတဲ့ ယာဥ်တန်းမှာ ၃၈ စီး အဲဒီယာဥ်တန်းကိုမိုင်းဆွဲ တိုက်ခိုက်တာ ကား ၂ စီးမိုင်းကွဲတယ်။”
ယောဒေသအတွင်းမှာ PDF အဖွဲ့တွေ အများအပြားပေါ်ပေါက်နေပြီးတော့ အချင်းချင်း အတူတူ စုပေါင်းညီညွတ် အချိတ်ဆက်ရယူပြီး အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်တော်လှန်စေချင်တယ်လို့ လည်းပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါ-ကလေး ကားလမ်းက ကျေးရွာတွေကို ဝင်ရောက် မွှေနှောက်ပြီး ယောနယ်ထဲက ကျေးရွာတစ်ရွာမှာလည်း ဆိုင်ကယ် ၄ စီး ၊ ငွေ ၁၀ သိန်းကျပ်၊ ဆန် ၁၀ အိတ်နဲ့ စားစရာတွေကို အဓမ္မလုယူပြီးတော့ ဆိုင်ကယ် ၂ စီးကိုတော့ ငွေ ကျပ် ၂ သိန်းခွဲနဲ့ ရွာသားတွေက ပြန်ရွေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါအပြင် စစ်အုပ်စုတွေဟာ ယောဒေသအတွင်းက ဂန့်ဂေါ-ကလေး ကားလမ်းတစ်လျှောက်က ကျေးရွာတွေမှာ သေနတ်တွေဆက်တိုက်ပစ်ဖောက်ပြီးတော့ နေအိမ်တွေကို ဖောက်ထွင်း ဝင်ရောက်ကာ ပစ္စည်း ၊ ရိက္ခာနဲ့ ငွေကြေးတွေကို လုယက်ယူဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။