“ အရင်တုန်းကဆို လကုန်ရက်ကိုမျှော်တယ်။ အခုတော့ လကုန်ရက်ရောက်မှာ ကြောက်နေမိတယ်” လို့ အသက် ၄၅နှစ် အရွယ် ဒေါ်ဝင်းဝင်း(အမည်လွဲ)က စိုးရိမ်စွာနဲ့ ဆိုတယ်။
အစိုးရဝန်ထမ်း၊ ကုမ္မဏီဝန်ထမ်းတော်တော်များများဟာ လကုန်ရက်တွေမှာ လုပ်ခလစာရတဲ့အတွက် ပုံမှန်နေ့တွေမှာ ဝယ်လေ့မရှိတဲ့ အစားအသောက်တွေဝယ်စားတာ၊ အဝတ်အထည်နဲ့ မိမိကြိုက်နှစ်သက်တာတွေကို လကုန်ရက်မှာ ဝယ်ခြမ်းတာ၊ တစ်လစာအိမ်အတွက် လိုအပ်တာလေးတွေဝယ်ခြမ်းတာစတဲ့အလေ့အကျင့်တွေနဲ့ ဖြတ်သန်းကြသူတွေပါ။
ဒေါ်ဝင်းဝင်း(အမည်လွဲ)တစ်ယောက်ကတော့ လကုန်ရက်တွေကို ပျော်ပျော်ရွှင်ရွှင်မဖြတ်သန်းနိုင်တော့တာ ခြောက်လရှိပါပြီ။ ဝန်ထမ်းဘဝတုန်းက လခထုတ်မယ့် လကုန်ရက်တွေကို မျှော်ရင်းဖြတ်သန်းခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာတော့ လကုန်ရက်ရောက်မှာကြောက်နေပါတော့တယ်။
CDM လုပ်ထားတဲ့အတွက် လစာမရဝင်ငွေမရှိတော့တဲ့အပြင် ဝန်ထမ်းအိမ်ရာကပါ ပြောင်းရွေ့ပြီး အိမ်ငှားနေထိုင်ရတာကြောင့် လစဉ်အသုံးစရိတ်နဲ့ အိမ်ငှားခတွေအတွက် လကုန်ရက်ရောက်တိုင်းပူပန်နေရတာပါ။
နိုင်ငံဝန်ထမ်းတွေဟာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလကစတင်ပြီး ရုံးမသွားခြင်းနဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်မှု ရပ်တန့်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို စတင်ခဲ့တာဖြစ်ပါတယ်။
CDM လှုပ်ရှားမှုကြောင့် ကျန်းမာရေး၊ပညာရေး၊ဘဏ်လုပ်ငန်းနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ဆောင်မှု စတဲ့လုပ်ငန်းတချို့ ရပ်ဆိုင်းခဲ့ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အောင်မြင်မှုမရခဲ့ပါဘူး။ CDM လုပ်ရှားမှုကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရပါသေးတယ်။
စစ်ကောင်စီဘက်ကလည်း CDM ပြုလုပ်တဲ့ဝန်ထမ်းတွေကို အလုပ်ရပ်ဆိုင်းတာ၊ ဝန်ထမ်းလိုင်းခန်းတွေကနေဖယ်ခိုင်းတာ၊ ဖမ်းဝရမ်းထုတ်တာ၊ ဖမ်းဆီးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလကနေ ယခုလအထိ CDM ပြုလုပ်သူတွေနဲ့ CDM ထောက်ပံ့ကူညီမှုကြောင့် ဖမ်းဆီးခံရတဲ့ အမျိုးသမီးအရေ အတွက် ၅၀ ကျော်ရှိပါတယ်။ ( AAPP- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ၊ တပ်မတော်သတင်းမှန် ပြန်ကြားရေး၊ နိုင်ငံပိုင်သတင်းစာနဲ့သတင်းမီဒီယာတချို့ရဲ့ အချက်အလက်တွေကို စုဆောင်းထားတဲ့ ခန့်မှန်းခြေအရေ အတွက်ဖြစ်ပါတယ်) စုဆောင်းရရှိသလောက် အချက်အလက်သာဖြစ်ပြီး မြေပြင်မှာအခုအရေအတွက်ထက် များပြားနိုင်ပါတယ်။
စစ်ကောင်စီဘက်က ဖိနှိပ်မှုတွေလုပ်နေတဲ့ကြားက CDMဝန်ထမ်းတွေဟာ ဖိနှိပ်မှုကိုမမှုဘဲ အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တာ ယခုလဆိုရင် ခြောက်လတိုင်ခဲ့ပါပြီ။ ဆုံးဖြတ်ချက်မပြောင်းလဲဘဲ ယုံကြည်ချက်အတိုင်း ရှေ့ဆက်လျှောက် နေတဲ့ CDM ဝန်ထမ်းအချို့အတွက် အချိန်ကြာလာတဲ့အခါမှာတော့ စားဝတ်နေရေးအတွက် ရုန်းကန်ရာမှာ အခက်အခဲ အချို့ရှိလာပါတော့တယ်။
CRPH ကတော့ CDMမှာပါဝင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို မူလအလုပ်တာဝန်နဲ့ရာထူးတည်မြဲရေးအတွက် ဥပဒေပြဌာန်းပြီး အာမခံချက် အပြည့်အဝပေးမယ်လို့ ဖေဖော်ဝါရီလကပြောဆိုထားပါတယ်။
စစ်အာဏာသိမ်းပြီး ခြောက်လအကြာမှာတော့ စိုးရိမ်စိတ်ကြောင့်ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝန်ထမ်းတွေ၊ကျောင်းသားတွေ ပညာရှင်တွေနဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေအနေနဲ့ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်မယ်ဆိုရင် အမှုပိတ်ပေး၊ ရုတ်သိမ်းခြင်းတွေပြုလုပ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
သို့သော် လူသတ်၊ဗုံးခွဲ၊မီးရှို့၊လုယက်မှုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်သူတွေ၊ နိုင်ငံပိုင်အဆောက် အအုံ တွေကို ဖျက်ဆီးသူတွေနဲ့ CDM မှာထဲထဲဝင်ဝင်ပါနေသူတွေကိုတော့ အမှုပိတ်သိမ်းပေးမယ့်စာရင်းမှာ မပါဘူးလို့ကြေညာ ထားတာပါ။
လက်ရှိမှာ ငွေကြေးအရင်းအနှီးရှိတဲ့ CDM ဝန်ထမ်းတော်တော်များများကတော့ အစားအသောက်ရောင်းချကာ ဝင်ငွေရှာကြပြီး ပြည်သူတွေဘက်ကလည်း CDM သမားတွေ လုပ်ရောင်းတဲ့အစားအသောက်တွေကို အားပေးကြတာကို တွေ့ရပါ တယ်။
အစိုးရဝန်ထမ်းလုပ်သက် ၂၀ ရှိတဲ့ ဒေါ်ဝင်းဝင်းက နွေဦးတော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့်စာ ပါဝင်ခွင့်ရလည်းမနည်းဘူးဆိုတဲ့အတွေးနဲ့ CDM ပြုလုပ်ခဲ့သူပါ။ အဆုံးအထိတွေးထားပြီး CDM လုပ်ခဲ့ပေ မယ့် အလုပ်ကရပ်ဆိုင်းကြောင်း အကြောင်းကြားစာရတဲ့အခါမှာတော့ ဒေါ်ဝင်းဝင်းတစ်ယောက် အိပ်ရာထဲလဲတဲ့အထိ ဖြစ်ခဲ့ပါတယ်။
“ ကိုယ့်အလုပ်ကသံယောဇဉ်ဖြစ်နေပြီ တစ်ရက်နှစ်ရက်မဟုတ်ဘူး။ အနှစ်နှစ်ဆယ်လောက်ဆိုတော့ သံယောဇဉ်ရှိတယ်။ စိတ်မကောင်းတော့တော်တော်ဖြစ်တယ်။ အရုပ်ကြိုးပြတ်ပဲ” လို့ဒေါ်ဝင်းဝင်းကပြောပါတယ်။
CDM ပြုလုပ်လိုက်တဲ့အတွက် နေထိုင်ရာဝန်ထမ်းအိမ်ရာကနေ ဖယ်ပေးခဲ့ရပြီး အိမ်ငှားနေထိုင်ကာ စုဆောင်းထားတာ လေးတွေကို ရောင်းချပြီးစားဝတ်နေရေးအတွက် ဖြေရှင်းနေပါတယ်။ လစဉ်ဝင်ငွေမရှိတော့တဲ့အပြင် အိမ်ငှားခပါလိုလာတဲ့ အတွက် ဒေါ်ဝင်းဝင်းတို့မိသားစုမှာ ပိုမိုခက်ခဲလာပါတော့တယ်။
CDM စလုပ်စဉ်ကတည်းက ထောက်ပံ့ကြေး သေချာမရခဲ့ဖူးဘဲ ဝန်ထမ်းအချင်းချင်းကပေးတဲ့ အလှူငွေတစ်ချို့သာ ရခဲ့ ဖူးတယ်လို့ ဒေါ်ဝင်းဝင်းကဆိုပါတယ်။
“ ဘယ်ဆက်သွယ်လို့ဆက်သွယ်ရမှန်းလဲမသိ ကိုယ်ကလည်း ကျွမ်းကျွမ်းကျင်ကျင်မသိဘူး။ ထောက်ပံ့မှုမရဖူးဘူး” လို့ ဒေါ်ဝင်းဝင်းကဖွင့်ဟပါတယ်။
ဒါ့အပြင် ငွေကြေးထောက်ပံ့မယ်ဆိုပြီး လိပ်စာပေးလိုက်ရာကနေ ဖမ်းဆီးခံရလုနီးအပါးအခြေအနေနဲ့ကြုံတွေ့ခဲ့ရပြီး အိမ် ပြောင်း ပြေးရတဲ့အဖြစ်နဲ့လည်းကြုံခဲ့ရပါတယ်။
ထောက်ပံ့မှုမရတဲ့အပြင် နေ့စဉ်စားသောက်စရိတ်နဲ့နေထိုင်စရိတ်တွေအတွက် ဝန်ထမ်းဘဝကလို လစာကို ထိုင်စောင့်နေ လို့မရတာကြောင့် ဒေါ်ဝင်းဝင်းတစ်ယောက် အလုပ်ရှာရပါတော့တယ်။ အလုပ်ရှာတဲ့အခါမှာလည်း အသက်အရွယ်နဲ့ ဝန်ထမ်းလုပ်သက်အတွေ့အကြုံသာရှိတဲ့အတွက် အလုပ်လွယ်လွယ်ကူကူမရခဲ့ပါဘူး။
“ နောက်ဆုံးကျတော့ ဘယ်ပဲလုပ်ရလုပ်ရ အောက်ခြေသိမ်းအလုပ်တွေပဲဖြစ်ဖြစ် သန့်ရှင်းရေးအလုပ်ပဲဖြစ်ဖြစ် လခလေး ပုံမှန်ငွေလေးရရင်ပြီးရောဆိုပြီး လိုက်ရှာတယ်။ နောက်ဆုံးကျတော့ ထမင်းဆိုင်မှာအလုပ်လေးရတယ်”လို့ ဒေါ်ဝင်းဝင်းက ပြောပြပါတယ်။ ထမင်းဆိုင်အကူအလုပ်ကိုတောင် CDM လုပ်ပြီး ငါးလနီးပါးအကြာမှသာ ခက်ခက်ခဲခဲနဲ့ရခဲ့တာဖြစ်ပါတယ်။
ဒေါ်ဝင်းဝင်းဟာ တစ်ယောက်အသက်ကြီးလို့ အိုမင်းသွားတဲ့အချိန်ရောက်ရင် ပင်စင်လစာလေးနဲ့ရပ်တည်မယ်ဆိုတဲ့ စိတ်ကူးတွေကို အခုအခါမှာတော့ရပ်တန့်ထားရပါတော့တယ်။
“ ဘယ်သားသမီးမှမကျွေးရင်မပေးရင်တောင် ကိုယ့်ပင်စင်လေးနဲ့ အဲ့လိုအတွေးမျိုးနဲ့ ခံယူချက်လေးတွေလည်းပါပါတယ်။ ဒီအလုပ်ကိုအသက်ကြီးတဲ့အထိလုပ်ဖို့လဲဆုံးဖြတ်ပြီးသားလေ”လို့ ဒေါ်ဝင်းဝင်းကသူ့ စိတ်ကူးတွေကိုပြောပြပါတယ်။
စားဝတ်နေရေးအခက်အခဲအပြင် လုံခြုံရေးအခက်အခဲတွေ စိတ်ဓာတ်ကျတဲ့အချိန်တွေကို အရေးတော်ပုံအတွက် တစ် ထောင့်တစ်နေရာကပါနေရတဲ့အတွက် ဂုဏ်ယူစိတ်တွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေတယ်လို့ဒေါ်ဝင်းဝင်းကဆိုပါတယ်။
စားဝတ်နေရေးအခက်အခဲအပြင် ကိုဗစ်တတိယလှိုင်းကြောင့် ကျန်းမာရေးအခက်အခဲအတွက်လည်း ပူပန်နေရပြန်ပါတော့ တယ်။
“ ဟိုတလောကတစ်မိသားစုလုံးနေမကောင်းကြတော့ ဆေးဖိုးကအစခက်ခဲတယ်”လို့ဒေါ်ဝင်းဝင်းကဖွင့်ဟပါတယ်။
ဒေါ်ဝင်းဝင်းလိုပဲ CDM လုပ်ပြီး ခြောက်လကြာ အခက်အခဲတွေကိုရင်ဆိုင်သူကတော့ အသက် ၄၈နှစ်အရွယ် ဒေါ်ဌေးဝေ (အမည်လွဲ) ပဲ ဖြစ်ပါတယ်။
အဓမ္မနောက်ကိုမလိုက်ဘဲ အမှန်တရားဘက်မှာ ရပ်တည်မယ်ဆိုတဲ့စိတ် စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ် လိုတဲ့ စိတ်တွေနဲ့ CDM ပြုလုပ်ခဲ့သူပါ။
အလုပ်အပေါ်သံယောဇဉ်ကြီးခဲ့သလို စေတနာထားလုပ်ခဲ့တဲ့ ဒေါ်ဌေးဝေတစ်ယောက် လုပ်သက် ၂၅ နှစ်အကြာမှာ အလုပ် ရပ်ဆိုင်းကြောင်းစာရတဲ့နေ့မှာတော့ အရမ်းဝမ်းသာခဲ့တယ်လို့ဆိုပါတယ်။
“ အရမ်းပျော်ပြီး အချင်းချင်းတောင် ငါတို့အောင်လက်မှတ်ရပြီဆိုပြီး ကြွားကြတဲ့အထိပျော်ခဲ့ကြတာ”လို့ ဒေါ်ဌေးဝေက အားမာန်အပြည့်နဲ့ ဆိုပါတယ်။
CDM ထောက်ပံ့ငွေအနေနဲ့လည်း ကိုယ့်ထက်အဆင်မပြေသူတွေရပါစေဆိုတဲ့စိတ်နဲ့ အဖွဲ့အစည်းတွေကပေးတဲ့ မည်သည့် ထောက်ပံ့ကြေးကိုမျှမယူခဲ့သလို ရခဲ့ဖူးတာမျိုးမရှိဘူးလို့ ဒေါ်ဌေးဝေကဆိုပါတယ်။လက်ရှိမှာတော့ အိမ်မှာတစ်နိုင်တစ်ပိုင် စက်ချုပ်တဲ့ အလုပ်ကိုလုပ်ကိုင်ရင်းစားဝတ်နေရေးဖြေရှင်းနေပါတယ်။
“ စက်ချုပ်တာက အခုကာလမှာ လူတွေက စားဖို့ပဲ လုံးပမ်းနေရတော့ အရမ်းပါးတယ်” လို့ ဒေါ်ဌေးဝေက ဆိုပါတယ်။
CDM လုပ်တဲ့အတွက်နောင်တမရပေမယ့် ၅၀၅(က)နဲ့ တရားစွဲခံရမှာကိုတော့ စိုးရိမ်မိတယ်လို့ ဒေါ်ဌေးဝေကဆိုပါတယ်။ စက်ချုပ်တာအပြင် စားဝတ်နေရေးအတွက်လိုအပ်လာရင်တော့ ဈေးရောင်းစားဖို့ စိတ်ကူးထားတယ်လို့ သူကဆိုပါတယ်။
“ စိတ်ဓာတ်တွေထိုးကျသွားရင် ငါတို့နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ ကျော်ဖြတ်နေတယ်” လို့ ဒေါ်ဌေးဝေကပြောပါတယ်။
ဝန်ထမ်းတွေဟာ CDM လုပ်ရင်း စားဝတ်နေရေးအတွက် အဆင်ပြေသလိုကြိုးစားဖြေရှင်းနေကြသလို တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ ဖမ်းဆီးမှုခံရမှာကို စိုးတထိတ်ထိတ်နဲ့နေထိုင်နေကြရတာပါ။
ဒေါ်ဝင်းဝင်းနဲ့ ဒေါ်ဌေးဝေတို့နည်းတူ CDM ပြုလုပ်ရင်းအခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေသူကတော့ မီးရထား ပို့ဆောင်ရေးဌာနက အသက် ၃၀ အရွယ် မမူမူသန့်(အမည်လွဲ)ဖြစ်ပါတယ်။ သူက စစ်အာဏာရှင်လက်အောက်မှာ အလုပ်ဆက်မလုပ်လိုတာကြောင့် CDM လုပ်ဖို့ဆုံးဖြတ်ခဲ့သူပါ။
CDM လုပ်ပြီးနှစ်လလောက်အထိ ထောက်ပံ့မှုတွေနဲ့ စားဝတ်နေရေးဖြေရှင်းနိုင်ခဲ့ပေမယ့် အခုအခါမှာတော့ ကြက်ဥရောင်း ကာ စားဝတ်နေရေးဖြေရှင်းနေပါတယ်။ မမူမူသန့်လစာနဲ့သာ မိသားစုတစ်ခုလုံးရပ်တည်ခဲ့ကြတာဖြစ်တဲ့အတွက် ဝင်ငွေမရှိ တဲ့အခါမှာတော့ အခက်တွေ့ခဲ့ရပါတယ်။
အပြင်အလုပ်လုပ်ဖို့ အလုပ်ရှာတဲ့အခါမှာလည်းထင်သလောက်မလွယ်ကူခဲ့ပါဘူး။
“ အလုပ်ရှင်တွေကလည်း CDM သမားဆို မခန့်ချင်ဘူး။ တချို့ကအလုပ်ပြန်ရရင်ထွက်မှာစိုးလို့ တချို့ကလည်း ထောက်ပံ့ ပေးသူအဖြစ်လာဖမ်းမှာစိုးလို့ မခန့်ကြဘူး”လို့ မမူမူသန့်က အလုပ်ရှာတဲ့အခါမှာကြုံတွေ့ရတဲ့အခက်အခဲကို ပြောပါတယ်။
ဒီလိုအခက်အခဲတွေရှိနေပေမယ့်လည်း အရေးတော်ပုံအောင်မြင်ပြီးတာနဲ့ ဒီပြဿနာတွေအလိုလို ရပ်တန့်သွားမယ်ဆိုတဲ့ စိတ်နဲ့ကျော်ဖြတ်နေတယ်လို့ မမူမူသန့်ကယုံကြည်နေပါတယ်။
CDM ဝန်ထမ်းအမျိုးသမီးတွေဟာ အခက်အခဲတွေရှိနေပေမယ့်လည်း နောင်တမရသလို စိတ်ပျက်သွားခြင်းလည်း မရှိကြပါဘူး။
ဒေါ်ဝင်းဝင်းကတော့ “ကိုယ့်ရဲ့နေရာမှာပဲအလုပ်ပြန်လုပ်ချင်တယ်။ အရေးတော်ပုံကြီးအောင်နိုင်ပါစေလို့ ဆုတောင်းပြီးအား တင်းပြီး စောင့်နေတယ်”လို့ဆိုပါတယ်။
ဒေါ်ဌေးဝေကလည်း “ အရေးတော်ပုံအောင်တဲ့နေ့ ဂုဏ်ယူပြီးရုံးပြန်တက်မယ်”လို့ ယုံကြည်ချက်အပြည့်နဲ့ဆိုပါတော့တယ်။
ဤဆောင်းပါးကို hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။