ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီက အောက်ဆီဂျင်စက်ရုံဆောက်လုပ်ဖို့ အတွက် ကျေးရွာတစ်ရွာကို ငွေကျပ် ၁၅ သိန်း ကောက်ခံနေပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စု အသီးသီးရှိ အုပ်ချုပ်ရေးမှူးတွေနဲ့ အစည်းအဝေး ပြုလုပ်ကာ ကျေးရွာအုပ်စုတစ်ခုလျှင် ကျပ် ၁၅ သိန်းစီ ကောက်ခံနေတာဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ပြောပြချက်အရသိရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ ရန်ပုံငွေ ၁၅ သိန်းရဖို့ အတွက် ၂ လုံး၊ ၃ လုံး ဒိုင်တွေ၊ လောင်းကစားဝိုင်းတွေကို ဆက်ကြေးတောင်းယူနေတယ်လို့ သာပေါင်းမြို့ခံတစ်ဦးက ပြောပါတယ်။
“အုပ်ချုပ်ရေးမှူးတွေကတဆင့် ကောက်ခံခိုင်းတာပါ။ တချို့အုပ်စုတွေဆို တစ်ရွာကို ငါးသောင်းကျပ်ကနေ ခြောက်သောင်းလောက်ခွဲတန်းကျတယ်။ ရန်ပုံငွေရဖို့အတွက်ဆိုပြီးတော့ ၂ လုံး ၊ ၃ လုံးဒိုင်တွေ၊ လောင်းကစားဝိုင်းတွေကို လိုင်းကြေးယူပြီး ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေက ခွဲဝေ ကောက်ခံတာတွေလည်းရှိပါတယ်။”
သာပေါင်းမြို့နယ်ရှိ ကျန်းမာရေးဌာနတွေကလည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ပထမနဲ့ ဒုတိယလှိုင်းကာလတုန်းကလို့ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။
ကျေးရွာအုပ်စုပေါင်း ၇၀ ကျော်ရှိတဲ့ သာပေါင်းမြို့နယ်မှာ ပြီးခဲ့တဲ့ရက်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈ ဦးရှိပြီး သေဆုံးသူ ၂ ဦးရှိတယ်လို့ စစ်ကောင်စီကျန်းမာရေးဌာနက ဩဂုတ် ၁၇ ရက်ညနေက ထုတ်ပြန်ထားပါတယ်။