စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံ ဝန်ထမ်း ၂ ယောက် သြဂုတ် ၁၆ ရက်ညပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ည ၇ နာရီက သူတို့ အလုပ်က ပြန်လာတဲ့အချိန် အမည်မသိ လူ ၅ ယောက်က သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သေနတ်ပစ်ခံရသူ ၂ ဦးက လူငယ်တွေပါ။ အသက် ၂၅ နှစ်ဝန်းကျင်လောက်ပဲ ရှိမယ်။ ယောက်ျားလေး ၂ ယောက် တစ်ယောက်က မောင်းကုန်းရွာသား၊ တစ်ယောက်က မြတောင်ရွာသားပါ။ အခု ၂ ယောက်လုံး မြတောင်ဆေးရုံမှာ။ ” လို့ ပြောပါတယ်။
ပစ်ခံရသူနှစ်ဦးထဲက ကိုကျော်ကျော်သက်က မနေ့ညပိုင်းမှာ သေဆုံးသွားခဲ့ပြီး ကိုထွန်းစန်းဦးကတော့ အခုမနက်ပိုင်းမှာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။ သူတို့ နှစ်ဦးကို ဘယ်သူတွေက ဘယ်လိုကြောင်းကြောင့် ပစ်သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
တရုတ်အစိုးရက ရင်းနှီးမြှုပ်နှံထားတဲ့ တကောင်းနီကယ်စက်ရုံဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး နီကယ်ထုတ်လုပ်ရေးစီမံကိန်းဖြစ်ပြီး လက်ရှိမှာလည်း စက်ရုံလည်ပတ်နေတယ်လို့ သိရပါတယ်။