ကိုဗစ်-၁၉ ကာကွယ်ဆေးအတုအပတွေ တင်သွင်းရောင်းချတာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်ဆေးတွေ တင်သွင်းဖြန့်ဖြူးဆိုင်ရာ စည်းကမ်းချက်တွေကို လိုက်နာခြင်းမရှိဘဲ တင်သွင်းဖြန့်ဖြူးပါက ထိရောက်စွာ အရေးယူမယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက အသိပေးထုတ်ပြန်ပါတယ်။
ယခုအခါ စျေးကွက်အတွင်းမှာ ကာကွယ်ဆေးအတုအပတွေ အွန်လိုင်းကနေ ရောင်းချနေတာ ရှိသလို တခြားနည်းလမ်းတွေနဲ့လည်း ရောင်းချနေကြောင်း အဆိုပါ ကာကွယ်ဆေးတွေဟာ တရားဝင်တင်သွင်းလာတဲ့ ကာကွယ်ဆေးတွေ မဟုတ်တာကြောင့် ရောဂါကာကွယ်နိုင်ခြင်းမရှိတဲ့ အပြင် ဘေးအန္တရာယ်ဖြစ်ပွားနိုင်လို့ ကျန်းမာရေးဝန်ကြီး ဌာနက တရားဝင်အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေကိုသာ ထိုးနှံကြဖို့လည်း တိုက်တွန်း နှိုးဆော်ထားပါတယ်။
ကာကွယ်ဆေးများထိုးနှံရာမှာ အရည်အသွေးကောင်းမွန်ပြီး ဘေးကင်းစိတ်ချရတဲ့ ကာကွယ်ဆေးများဖြစ်စေဖို့ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက တရားဝင်ရောင်းချပြီး အအေးလမ်းကြောင်း မပျက်ထားသိုသိမ်းဆည်းထားတဲ့ ကာကွယ်ဆေးတွေဖြစ်ဖို့လိုတယ်လို့ လည်းဆိုပါတယ်။
မြန်မာပြည်တွင်း ပုဂ္ဂလိက ဆေးဝါးလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာနဲ့ အာရှဒေသအတွင်းမှာ ထိုးနှံဆောင်ရွက်နေတဲ့ အရည်အသွေးအာနိသင်ကောင်းပြီး ဘေးအန္ကရာယ်ကင်းတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် တင်သွင်းဖြန့်ဖြူးတာ၊ ကာကွယ်ဆေးထိုနှံပေးတာတွေ ဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီက ခွင့်ပြုထားတာပါ။
ဒီလုပ်ငန်းတွေကို ဆောင်ရွက်ချင်တဲ့ လုပ်ငန်းရှင်တွေက သတ်မှတ်အထောက်အထားတွေနဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကို လျှောက်ထားရတာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို အစိုးရက ထိုးပေးနေတာရှိသလို ပုဂ္ဂလိကအဖွဲ့အစည်းတွေကနေ ထိုးပေးနေတာတွေလည်းရှိပါတယ်။ ဒါပြင် ပြင်ပ မှောင်ခိုဈေးကွက်မှာ ကာကွယ်ဆေးတွေ တရားမဝင်တင်သွင်းပြီး ဈေးကြီးပေးထိုးနှံနေကြတာတွေလည်း ရှိနေပါတယ်။