မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်သူတွေထဲက အကျဉ်းသား ၃၀ ကျော် တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရတယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်းက သိရပါတယ်။
အိုးဘိုထောင်ထဲကနေ ဩဂုတ် ၈ ရက် ည ၉ နာရီလောက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေထွက်ပေါ်လာခဲ့ပြီး မကြာခင်မှာ ထောင်အတွင်းက တရားသံအကျယ်ကြီးဖွင့်တဲ့ အသံနဲ့ သေနတ်သံ ၂ ချက် ထွက်ပေါ်ခဲ့တာပါ။
“ကြွေးကြော်သံတွေ အော်ကြတာက အမျိုးသားအဆောင် ၃ ဘက်က။ အော်ကြသူတွေက တော့အများကြီး၊ အဲ့ဒီထဲက အယောက် ၃၀ ကျော်ကို ရွေးပြီး တိုက် ၁ ဘက်မှာ လူခွဲ တိုက်ပိတ်ထားတယ်” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဒီလိုတိုက်ပိတ်ခံရတာ အနည်းဆုံး ၁၄ ရက်လောက်အထိ ကြာနိုင်ပြီး တိုက်ပိတ်ခံထား ရတဲ့သူတွေကို ထောက်ခတ်ထားတယ်လို့ သိရပါတယ်။
အိုးဘိုထောင်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့ပတ်သက်လို့ အရေးယူထား တာတွေကို ပွင့်လင်းမြင်သာချပြဖို့၊ မတရားဖမ်းဆီးခံရသူတွေကို လွှတ်ပေးဖို့ ၊ ထောင်တွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေး၊ ကာကွယ်ရေးတွေကို ဆောင်ရွက်ပေးဖို့ ကျောင်းသားသမဂ္ဂတွေက တောင်းဆိုထားပါတယ်။
ဇူလိုင် ၂၃ ရက်ကလည်း ရန်ကုန်၊ အင်းစိန်ထောင်မှာ အလားတူ ကြွေးကြော်သံတွေနဲ့ ထောင်တွင်းကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားတာတွေရှိခဲ့ပါတယ်။