စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မြင်းတန့်ကျေးရွာအတွင်း သြဂုတ် ၁၀ ရက်နေ့ မနက် ၇ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာဩဂုတ် ၉ ရက်နေ့က တိုက်နက်ရွာမှာ စခန်းချပြီး ဒီ နေ့မနက် မြင်းတန့်ကျေးရွာကို ရောက်လာပြီး နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားတာလို့ ရွာသားတဦးက ပြောပါတယ်။
“ကျနော်တို့ရွာသားတွေကတော့ ဘေးလွတ်ရာကို ရှောင်နေရတယ်ပေါ့ဗျာ။ သူတို့အင်အား ၆၀ လောက်ရှိမယ်ဗျ။ ဒီကောင်တွေ ရွာထဲရောက်တယ်ဆိုတာနဲ့ ကျနော်တို့ မြင်းတန့်ကျေးရွာ အနောက်ပိုင်းက ဦးဖိုးပြားနေအိမ်ကို မီးရှို့တယ်။ နောက်ပြီး ရွာအလယ်ပိုင်းက အိမ်ကိုလည်း မီးရှို့တယ်လို့ထင်ရတယ်ဗျ။ ရွာထဲကနေ မီးခိုးတွေထွက်လာတယ်ဗျ။”
စစ်ကောင်စီတပ်က ရွာသား ၃ ဦးကိုလည်း လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာသား နောက်တဦးက ပြောပါတယ်။
“ရွာထဲက ပြည်သူ ၃ ဦးကို မနက်ကတည်းက ဖမ်းဆီးထားတယ်။ သေနတ်တွေ အချက် ၁၀ ချက်လောက် ဖောက်နေတယ်။”
ဒီနေ့ မွန်းတည့်အချိန်ထိ စစ်ကောင်စီတပ် ရွာထဲကနေ မထွက်သေးတဲ့အတွက် ဒေသခံတွေ ရွာထဲ ပြန်မလာရဲသေးလို့ ပျက်စီးဆုံးရှုံးမှုစာရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်း ဩဂုတ် ၈ ရက်နဲ့ ၉ ရက်တွေမှာ စစ်ကောင်စီတပ်တွေက ညောင်လှကျေးရွာ၊ မရကန်ကျေးရွာ၊ ဝဲကြီးကျေးရွာ၊ နများကျေးရွာ၊ မူးရိုးကုန်းကျေးရွာအပါအဝင် ရွာပေါင်း ၁၀ ရွာလောက်ကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးခဲ့တာကြောင့် ရွာတစ်ရွာကို သိန်းရာချီ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။