မြန်မာနာမည်ကြီး ကဗျာဆရာတဦးဖြစ်တဲ့ အောင်ချိမ့်ဟာ ဒီကနေ့ သြဂုတ် ၉ ရက်ည ၈ နာရီ ၁၀ မိနစ်မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
အောင်ချိမ့်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်အရွယ် ရှိနေပြီဖြစ်ကာ ကျန်းမာရေးမကောင်းတာကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ပြီး ပြန်ဆင်းလာတာ သီတင်းတပတ်လောက်သာ ရှိသေးတယ်လို့ ဆိုပါတယ်။
ကဗျာဆရာ အောင်ချိမ့်ဟာ သုခမိန်လှိုင်(သိဒတ္တလှိုင်)၊ မောင်ချောနွယ်၊ ဖော်ဝေးတို့ အပါအဝင် တခြားသော ကဗျာ ဆရာတွေနဲ့အတူ ခေတ်ပေါ် မြန်မာကဗျာအရွေ့ကို ဦးဆောင်ခဲ့သူတဦးဖြစ်ကာ အောင်ချိမ့်၊ မောင်ချောနွယ်၊ ဖော်ဝေးတို့ ၃ ယောက် ရေးသားခဲ့တဲ့ “သစ်ရွက်အသေများပေါ်က ရက်စက်သော ဂီတ”ဟာ ထင်ရှားတဲ့ ကဗျာစာအုပ်တအုပ် ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် သူ့ရဲ့ “ဂန္တဝင် မမ”၊ “ခင်ခင်ပျိုရေ စောင့်ခဲ့တယ်”၊ “အသည်းစွဲ ကဗျာဆရာ” စတဲ့ ကဗျာတွေဟာလည်း ထင်ရှားပါတယ်။
လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် စာပေအနုပညာအသိုင်းအဝိုင်း ကရော၊ ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း လူမှုကွန်ရက်စာမျက်နှာ တွေပေါ်မှာ ရေးသားမျှဝေနေကြပါတယ်။
လူငယ် ကဗျာဆရာမတယောက်ဖြစ်တဲ့ ချိုပိန်းနောင်ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကတဆင့် “ကျမတို့ချစ်တဲ့ စကြဝဠာကြီးထဲက တစ်ယောက်တည်းသော ဦးချိမ့် ည ၈:၁၀ မှာ (၉၆) ပါးသော ရောဂါဖြင့် တိမ်းပါးသွားခဲ့ပါပြီ”လို့ ရေးသားမျှဝေထား ခဲ့ပါတယ်။
စာရေးဆရာ မြေမှုန်လွင်ကတော့ ဆရာအောင်ချိမ့်ရဲ့ ကဗျာတပုဒ်နဲ့အတူ ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။
ငါ့မိတ်ဆွေဟာလည်း
ငါတစ်ယောက်တည်း
ငါပါပဲ။
ငါ့ရန်သူဟာလည်း
ငါတစ်ယောက်တည်း
ငါပါပဲ။
အောင်ချိမ့်
မြန်မာခေတ်ပြိုင်ကဗျာလမ်းကို
စတင်ဖောက်လုပ်ခဲ့သူများထဲ
ဆရာတစ်ယောက်ဖြစ်ပြီး
တစ်ဘဝလုံး ကဗျာရေးခြင်းတစ်ခုတည်းကိုသာ
စွဲစွဲမြဲမြဲ လုပ်ခဲ့တဲ့
ဆရာအောင်ချိမ့်
ငြိမ်းချမ်းစွာနဲ့ ကျွန်တော်တို့ကို
နှုတ်ဆက်ခဲ့ပါပြီ။