ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား လုပ်ကြံဖို့ ကြံစည်မှုနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က သြဂုတ် ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
နယူးယောက်မြို့ရှိ ဖြိုးဟိန်းထွဋ် (၂၈နှစ်) နဲ့ ရဲဟိန်းဇော် (၂၀ နှစ်) တို့ကို ဖမ်းဆီးလိုက်တာဖြစ်ပြီး ပူးပေါင်းကြံစည်မှုအတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀၀၀ ကို အွန်လိုင်းကနေ လွှဲပေးခဲ့တာလည်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းမှာရှိတဲ့ (အာဏာသိမ်းစစ်ကောင်စီကိုလည်း လက်နက်ရောင်းနေသူ) လက်နက်ပွဲစားနဲ့လည်း ဆက်သွယ်ပြီး ပထမအဆင့် ထိခိုက်ဒဏ်ရာရအောင် ခြိမ်းခြောက်ပြီး သံအမတ်ရာထူးကနေမထွက်ပါက လုပ်ကြံဖို့အထိ အကြံပေးခဲ့တယ်လို့ သိရပါတယ်။
ခြိမ်းခြောက်မှုတခုကြောင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် အမေရိကန်အာဏာပိုင်တွေက လုံခြုံရေးတိုးမြှင့်ချပေးထားတယ်လို့ ဦးကျော်မိုးထွန်းက သြဂုတ် ၄ ရက်နေ့မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း ကနီမြို့ရှိ သစ်တောအတွင်း နှိပ်စက်ခံထားရတဲ့ ဒဏ်ရာရှိသူတွေ အပါအဝင် အလောင်း ၄၀ ထက် မနည်း ရှာတွေ့ခဲ့တယ်လို့ ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်ထံ စာရေးသားပို့ အစီရင်ခံထားပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာ့ရွေးကောက်ခံအရပ်သားအစိုးရကို ကိုယ်စားပြုသူဖြစ်ပြီး စစ်ခေါင်းဆောင်တွေက သူ့ကို ရာထူးက ဖယ်ရှားကြောင်း ကြေညာခဲ့ပေမယ့် ကုလသမဂ္ဂကတော့ စစ်အာဏာသိမ်းတာကို အသိအမှတ် မပြုတဲ့အတွက် သူဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေခဲ့ပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိထားသူ ၂ ဦးကို အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်ထိချမှတ်နိုင်တဲ့ ပုဒ်မနဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။