Home
မြန်မာသတင်း
“၈၈ က သွေးကြွေးဟောင်း ၂၁ မှာအပြီးတောင်း" လှုပ်ရှားမှုသပိတ် ပြည်သူအားလုံး ပါဝင်နိုင်
DVB
·
August 6, 2021
227103963_320935572768904_3214588085452730688_n

လာမယ့် ဩဂုတ် ၈ ရက်နေ့မှာ ကျရောက်မယ့် ရှစ်လေးလုံးအရေးတော်ပုံနေ့ အထိမ်းအမှတ် “၈၈ က သွေးကြွေးဟောင်း ၂၁ မှာအပြီးတောင်း"အမည်နဲ့ လှုပ်ရှားမှုသပိတ်မှာ နိုင်ငံတဝန်း ပြည်သူအားလုံးပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

အခုကျရောက်မယ့် ရှစ်လေးလုံး (၈၈၈၈)လူထုအရေးတော်ပုံကြီးဟာ ၃၃ နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ကာ အခုနှစ်မှာတော့ စစ်အာဏာသိမ်းမှုဆန့်ကျင် လူထုလှုပ်ရှားမှုအသွင်နဲ့ လက်ရှစ်ချောင်းသပိတ်(8 Fingers Strike)နဲ့ အနီရောင်လှုပ်ရှားမှု(Red Campaign) ၂ ခုကို လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။

ပါဝင်ကြမယ့် ပြည်သူတွေအနေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ တော်လှန်စိတ်ကို နှလုံးသွင်းကာ ပုံပါအတိုင်းလက်ရှစ်ချောင်းထောင် ဓာတ်ပုံရိုက်ပြီး အင်တာနက်လူမှု ကွန်ယက်စာမျက်နှာတွေပေါ်မှ ကမ်ပိန်းလုပ်တာတွေ၊ ရှစ်လေးလုံးစိတ်ဓာတ်ဖြစ်တဲ့ ရဲဝံ့ခိုင်မာခြင်းကို ကိုယ်စားပြုတဲ့ အနီရောင်အင်္ကျီ အဝတ်အစား၊ အသုံးအဆောင်တွေ ဝတ်ဆင်တာ၊ ဆေးနီသပိတ်တွေ ဖော်ဆောင်တာတွေနဲ့အတူ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၆ လကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် ကျဆုံးပြည်သူ ၉၄၈ ယောက်နဲ့ ဖမ်းဆီးခံခဲ့ရသူပေါင်း ၇၀၀၀ ကျော်ထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန် ထားပါတယ်။

လတ်တလောမှာတော့ ပြည်တွင်းရေး မငြိမ်သက်မှုတွေနဲ့အတူ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ နိုင်ငံအနှံ့ ဖြစ်ပွားနေခဲ့ပြီး သွေးမအေးသွားကြတဲ့ နိုင်ငံတဝန်းက ပြည်သူတွေဟာလည်း စစ်အာဏာ ရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက်လုပ်ဆောင်ကာ တိုက်ပွဲဝင်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024