မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်က စစ်ကောင်စီရဲ့ ကပစ စက်ရုံ ၂ ခုမှာ ဇူလိုင် ၂၀ ရက်နေ့ကနေ သြဂုတ် ၃ ရက်နေ့အထိ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၁၄၅ ယောက်ရှိတယ်လို့ ပရဟိတ အဖွဲ့တွေဆီကနေ သိရပါတယ်။
ပိုးတွေ့လူနာတွေကတော့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေဖြစ်တဲ့ ကပစ (၂) က ၁၀၅ ယောက်၊ ကပစ (၁၀) က အယောက် ၄၀ ယောက်မှာ ကိုဗစ်-၁၉ ရောက်ဂါပိုးတွေ့ရှိခဲ့တာလို့ ပရဟိတအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
မင်းလှမြို့နယ်အတွင်းမှာ သြဂုတ်လ ၃ ရက်နေ့ကလည်း ကပစ စက်ရုံ ၂ ရုံက ဝန်ထမ်း ၈ ယောက်အပါအဝင် ကိုဗစ်ရောဂါပိုးတွေ့လူနာ အယောက် ၃၀ တွေ့ရှိခဲ့ပြီး ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကပစ စက်ရုံတွေက ပိုးတွေ့တဲ့လူနာတွေကို သက်ဆိုင်ရာ စက်ရုံအလိုက် ကိုဗစ်ကုသရေး စင်တာတွေ ဖွင့်ပြီးကုသပေးနေတယ်လို့ သိရပါတယ်။
ပြင်ပက ပိုးတွေ့တဲ့ လူနာတွေကိုတော့ မင်းလှမြို့ ကိုဗစ်စင်တာ၊ မင်းလှမြို့ပြည်သူ့ဆေးရုံ၊ မလွန်ကိုဗစ်စင်တာ၊ ရေနံမ တိုက်နယ်ဆေးရုံနဲ့ လင်းကယ် တိုက်နေဆေးရုံတွေမှာ ကုသပေးနေတယ်လို့ သိရပါတယ်။
မင်းလှမြို့နယ်ထဲမှာ သြဂုတ် ၃ ရက်နေ့အထိ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁,၂၄၅ ယောက်နဲ့ သေဆုံးသူ ၂၈ ယောက်ရှိပြီလို့ သိရပါတယ်။