မုံရွာ အမြင့်လမ်းဘေးကျေးရွာတွေမှာ ကိုဗစ်-၁၉ လက္ခဏာနဲ့ ရွာတိုင်းဖျားနာနေကြပြီး တချို့ ရွာလုံးကျွတ်နေမကောင်းဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာတွေအကုန်ဖျားကြပါတယ်ဗျ။ ဖျားနာတဲ့ပုံစံတွေက အကုန်အတူတူပါပဲ။ တယောက်နဲ့ တယောက် ကူးပါတယ်။ လူတိုင်း အိမ်တိုင်းကို ဖျားနာကြပါတယ်ဗျ။ အခုက တယောက်နဲ့ တယောက်တွေ့ရင် နေကောင်းပြီလားလို့ နှုတ်မဆက်ဘဲ အနံ့ပြန်ရပြီလားလို့ မေးရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကစလို့ အခုလို ဖျားနာကြတာဖြစ်ပြီး ကိုးရှင်းကျွန်း၊ ထန်းလေးပင်၊ မအူကြီး၊ ရွှေစုံ၊ ထနောင်းတော တောင်ရွာ၊ မြောက်ရွာ၊ ပေါက်ပင်ရွာ၊ နဂါးတွင်းရွာ၊ လယ်တော်၊ ချမ်းသာကျွန်း၊ ဘုဘ စတဲ့ အမြင့်လမ်းဘေးရွာအားလုံး ဖျားနာကြတာလို့ ဒေသခံတွေက ပြောပါတယ်။
“နဂါးတွင်း၊ မအူကြီး၊ ရွှေစုံရွာတို့မှာ ရွာလုံးကျွတ်ဖြစ်ကြတယ်။ တခြားရွာတွေမှာလည်း အိမ်တိုင်းလိုလို ဖြစ်ကြတာပါပဲ။ အမတို့ကတော့ တုပ်ကွေးလို့ပဲ ယူဆကြတယ်။ တချို့ကလည်း ကွမ်းရွက်ပြုတ်ရည်သောက်တာမျိုး ဆေးမြီးတိုနဲ့ပဲ ကောင်းသွားကြလို့လေ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဆေးခန်းသွားပြတဲ့အခါမှာလည်း လူအများကြီးပြနေတာကို စောင့်ရတာကြောင့် ကိုယ်လက်ကိုက်ခဲပြီး အဆင်မပြေလို့ ကိုယ့်ဖာသာပဲ ဆေးဝယ်သောက်ကြတာများတယ်လို့ သူက ဆိုပါတယ်။ ကိုယ်လက်ကိုက်ခဲပြီး အားအင်ကုန်ခမ်းတာတွေဖြစ်လို့ လူနာတွေ ဆေးခန်းပြဖို့ ခက်ခဲတာလို့ ပြောပါတယ်။
ဒေသခံတယောက်ကလည်း “ကျနော်တို့ရွာမှာတော့ ၁၉ ယောက်သေတယ်။ သက်ကြီးပိုင်းတွေပါ။ တခြားရွာတွေမှာလည်း တရွာကို အနည်းဆုံး ၅ ယောက်လောက်တော့ သေကြတယ်။ အရင်တုပ်ကွေးဖြစ်တုန်းက မသေကြဘူးလေ။ ဒါကြောင့် အခုတော့ လူတွေ တယောက်နဲ့ တယောက် ခပ်ခွာခွာနေကြတယ်။ ဆိုင်တွေ ပိတ်ထားတယ်။ ဈေးသည်တွေတောင်မှ ရွာထဲကို မဝင်ကြတော့ဘူး။ အရင်ကနဲ့စာရင် ဆင်ခြင်လာကြတယ်” လို့ ပြောပါတယ်။
ဖျားနာတဲ့ လူတိုင်းလိုလို အနံ့ အရသာပျောက်ကြတာကြောင့်လည်း ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းတွေကို အခုတော လူတွေ လုပ်လာကြတယ်လို့ သူက ဆိုပါတယ်။ ထူးခြားတာကတော့ အသက် ၁၀ နှစ်ဝန်းကျင် ကလေးတွေ မဖျားနာကြတာပဲလို့လည်း သူက ဆက်ပြောပါတယ်။
အခုတော့ ရွာတွေမှာ ၂ ရက်ခြားတကြိမ်စီ ကိုယ်ထူကိုယ်ထစနစ်နဲ့ ဆေးဖြန်းတာတွေ လုပ်လာကြတယ်လို့လည်း သိရပါတယ်။
ဒီလို ရောဂါတွေဖြစ်နေပေမဲ့ ကျန်းမာရေးပညာပေးတာမျိုးတွေ လာလုပ်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။