မြန်မာအမျိုးသားကာကွယ်ရေးတပ်မတော်-MNDF ကို ဩဂုတ်လ ၂ရက်မှာ ဖွဲ့စည်းပြီးစီးပြီး ဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မြန်မာအမျိုးသားကာကွယ်ရေးတပ်မတော်ဟာ မြန်မာပြည်အနှံ့အပြားရှိ မြို့ပြပြောက်ကျား (PDF) တွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်အာဏာကို မတရား သိမ်းယူထားတဲ့ စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းဖို့နဲ့ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို အထောက်အကူပြုဖို့ ဖွဲ့စည်းထားတာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
မြန်မာအမျိုးသားကာကွယ်ရေးတပ်မတော်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လမ်းစဉ်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်း ရပ်တည်သွားမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ အစ္စာအဓိဋ္ဌာန် ၄ ချက်နဲ့ အညီ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်းကို ကာကွယ်စောင့်ရှောက်ပြီး စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ လက်ပါးစေတွေကို အသက်ပေး၍ အမြစ်ပြတ်ချေမှုန်းဖို့ ကတိသစ္စာပြုကြောင်း ရေးသားထားထားပါတယ်။
မြန်မာအမျိုးသားကာကွယ်ရေးတပ်မတော် ချမှတ်ထားတဲ့ လုပ်ဆောင်ချက် ရည်မှန်းချက်ထဲ မှာတော့ ပြည်သူတွေရဲ့ သဘောထားမှန်နဲ့ ဖွဲ့စည်းထားပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်ဖို့၊ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး မိမိအကျိုးစီးပွားကိုသာ ဦးစားပေးဆောင်ရွက်တဲ့ အာဏာရှင်စနစ် လုံးဝ ပပျောက်ဖို့နဲ့ ပြည်ထောင်စုတွင်းဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ပွဲတွေ အပြီးသတ်ပပျောက်ပြီး ပြည်ထောင်စုတိုင်းရင်းသားအားလုံး ငြိမ်းချမ်းစွာ ရည်တည်နိုင်ရေး ရည်မှန်းထားကြောင်း ဖော်ပြထားပါတယ်။