ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကြောင့် ပြည်သူတွေ ရောဂါကူးစက် သေဆုံးမှုများနေတဲ့ ဒီကာလမှာ ကြော်ငြာနဲ့ ဗွီဒီယိုရိုက်ကူးချင်သူတွေ လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန ဖိတ်ခေါ်လိုက်ပါတယ်။
ရုပ်ရှင်နဲ့ ဗွီဒီယိုထုတ်လုပ်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်တွေနဲ့အညီ လူ ၃၀ ထက်မပိုဘဲ ရိုက်ကူးနိုင်မယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဆီကို ဇူလိုင် ၁၄ ရက်နေ့စွဲနဲ့ ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။
ရိုက်ကူးရေးမလုပ်ခင် အနည်းဆုံး ၃ ပတ်ကြိုပြီး ပြန်ကြားရေးဝန်ကြီးဌာနဆီကို လျှောက်ထားရမှာ ဖြစ်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဆီကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ ရုပ်ရှင်အနုပညာသည် အတော်တော်များများ ကန့်ကွက်ခဲ့ကြပြီး တချို့ကို ဖမ်းဆီးခံထားရသလို တချို့ ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုထားရပြီး သူတို့ရဲ့ အနုပညာလှုပ်ရှားတာတွေကို မီဒီယာနဲ့ ကြော်ငြာတွေကနေ မဖော်ပြဖို့ စစ်ကောင်စီက တားမြစ်ထားပါတယ်။