စစ်ကိုင်းတိုင်း မော်လိုက်မြို့ ရဲစခန်းအချုပ်မှာ ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းက အချုပ်သား ၆ ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် ရဲစခန်းကို လော့ဒေါင်းချထားတယ်လို့ သိရပါတယ်။
မော်လိုက်မြို့ ရဲစခန်း အချုပ်ခန်းထဲ အနံ့မရတဲ့သူတွေရှိလို့ စစ်ကောင်စီကျန်းမာရေးဌာနက လာရောက်စစ်ဆေးခဲ့ရာက အချုပ်သား ၆ ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့တာလို့ ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“မော်လိုက်အချုပ်ခန်းမှာ အချုပ်သား ၅၀ လောက်ရှိတယ်။ အခု ကိုဗစ်ကူးစက်သူတွေက အချုပ်ချထားသူတွေဖြစ်တယ်။ အချုပ်ခန်းထဲ အနံ့မရလို့ စစ်ဆေးရင်း ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်။ မော်လိုက်မှာက ထောင်မရှိဘူး၊ ထောင်ကျရင် ကလေးမြို့ကိုပဲ ပို့ရတယ်။”
လက်ရှိမှာ ကူးစက်မှု ထပ်မံမဖြစ်ပွားအောင် မော်လိုက်မြို့ ရဲစခန်းတခုလုံးကို လော့ဒေါင်းချထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မော်လိုက်မြို့ ဆေးရုံကြီးမှာ ဇူလိုင် ၁၄ ရက်နေ့ညနေပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
မော်လိုက်မြို့ ပြည်သူ့ဆေးရုံကြီးမှာလည်း ဆရာဝန်မရှိဘဲ ဇူလိုင် ၁၃ ရက်နေ့ကမှ ဆရာဝန်တဦး ရောက်ရှိလာတယ်လို့ သိရပါတယ်။
မော်လိုက်မြို့မှာ ဇူလိုင် ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃၁ ဦး၊ ဆေးရုံဆင်းသူ ၉၁ ဦးနဲ့ သေဆုံးသူ ၂ ဦးရှိပြီလို့ သိရပါတယ်။