ဝါဆိုလပြည့်နေ့၊ အီဒုလ်အဿွာဟာနေ့နဲ့ အာဇာနည်နေ့တွေမှာ လူစုလူဝေးတွေ ဖြစ်ပေါ်လာနိုင်လို့ ကိုဗစ်-၁၉ ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေ တိကျစွာ အလေးထားလိုက်နာဖို့နဲ့ လူစုလူဝေးတွေ မပြုလုပ်ကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတိုက်တွန်း ပြောပါတယ်။
ဇူလိုင် ၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ မြို့နယ်အနက် ၂၉၆ မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုရှိကြောင်း၊ ကိုဗစ်-၁၉နဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို အများပြည်သူတွေ တိတိကျကျလိုက်နာဖို့နဲ့ လူစုလူဝေးတွေမပြုလုပ်ရန်လိုအပ်ပြီး အခုအချိန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဟာ နိုင်ငံအတွက်အရေးကြီးတဲ့ အနေအထားတစ်ခုဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးလည်း အိန္ဒိယနိုင်ငံကနေ ဆေးအလုံးသန်း ၃၀ ဝယ်ခဲ့ရာမှာ ပထမအသုတ် ၂ သန်းရောက်လာပြီးနောက် ဆက်ပေးဖို့အတွက် အခက်အခဲတွေရှိကြောင်း၊ ရုရှားနိုင်ငံကို သွားတဲ့အချိန်မှာလည်း ဆေး ၂ သန်း လိုချင်တယ်လို့ ပြောခဲ့ရာမှာ ဒီလထဲမှာ ဆေးအလုံးရေး သောင်းဂဏန်းလောက် စပို့မယ့်အကြောင်းနဲ့ တရုတ်နိုင်ငံကလည်း နောက်ထပ်ပြီး ၅ သန်း ရောင်းချပေးထားတယ်လို့လည်းဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပြည်သူလူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ တိုင်းသူပြည်သားတွေရဲ့ တာဝန်သိသိ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့လုပ်မယ်ဆိုရင်တော့ ကျော်လွှားနိုင်မယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံမှ ဇွန်လ ၂၇ ရက်က ပြန်လာပြီးနောက် သတင်းနှစ်ပတ်ကြာ လူမြင်ကွင်းကိုထွက်မလာဘဲ ကွယ်ပျောက်နေရာက မနေ့က ပထမဆုံးအကြိမ် ကိုဗစ် အစည်းအဝေး တက်ရောက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၃၂၀ ယောက်၊ သေဆုံးသူ ၆၄ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၈၄,၃၇၅ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၉ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။
Photo-MOI