ပထမအာဏာရှင်ဗိုလ်နေဝင်း၏ လက်ဖြောက်တစ်ချက်တွင် ဗိုလ်စောမောင်ဦးဆောင်သော စစ်တပ်က အာဏာသိမ်းခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီမှ စတင်ကာ မြန်မာ့အသံရေဒီယိုတွင် စစ်ချီသီချင်းကိုဆက်တိုက်ကြားခဲ့ပြီး မကြာမီ မြန်မာနိုင်ငံအနှံ့ စစ်ဖိနပ်သံ ကြမ်းကြမ်းနှင့် သေနတ်သံရမ်းရမ်းတို့ကိုလည်း အဆက်မပြတ်ကြားခဲ့ရသည်။
ဗိုလ်နေဝင်းအစီအမံအရ ဗိုလ်စောမောင်ဖြစ်လာခဲ့သည်ကို ဒီမိုကရေစီပြည်သူများက လက်ခံထား ကြသော်လည်း ဗိုလ်စောမောင်အပေါ် ပြည်သူတို့၏ မုန်းတီးမှုမှာ ဗိုလ်နေဝင်းအောက်သိပ်မလျော့။ ထိုသို့ အမုန်းကြီးနေသည့်ကြားထဲ တောင်ရောက်မြောက်ရောက်ဖြင့် မပြီးနိုင်မစီးနိုင်သော ဗိုလ်စောမောင်၏မိန့်ခွန်းများကို ကြားရသည့်အခါ ရပ်ထဲရွာထဲ ဆဲသံဆိုသံ ဟားတိုက်သံတို့ မွှေးမြခဲ့သည်။ ဗိုလ်စောမောင်က လွတ်လပ်မျှတသော ရွေးကောက်ပွဲကျင်းပပေးမည်။ ရွေးကောက်ပွဲအနိုင်ရအစိုးရကို အာဏာအပ်ပြီး စစ်တန်းလျား ပြန်မည်ဟု မြန်မာသိကမ္ဘာသိ ပြောကြားခဲ့သည့်တိုင် ‘ဟုတ်ပါ့မလား မောင်ကာဠုရယ်’ဟု ပြည်သူတို့ ခပ်ထေ့ထေ့ဆိုကာ ယုံကြည်မှုနည်းကြပြန်သည်။
ဗိုလ်စောမောင်အောက်က ဗိုလ်သန်းရွှေကိုမူ မှုန်ကုပ်ကုပ်ထုံထိုင်းထိုင်းကြီးဟု မှတ်ယူကာ မေတ္တာ တော်သိပ်မစူးရောက်။ အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း ဆည်ဆောက် လမ်းဖောက်ဖွင့်ပွဲများတွင် မှိုင်းထိုင်းထိုင်းရွေ့နေသော ဗိုလ်သန်းရွှေကိုကြည့်ကာ “သြော်၊သူ့ခမျာ ဗိုလ်စောမောင်ခိုင်းသမျှ ဘာမှပြန် မပြောနိုင်ရှာဘဲ လုပ်နေရတယ်။” ဟု သနားစိတ်ဝင်သော ပြည်သူများပင်ရှိခဲ့သည်။
၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှ ၁၉၉၂ ခုနှစ် ဧပြီ ၂၃ ရက်နေ့ အထိ ဗိုလ်စောမောင် ဗိုလ်လုပ်သောကာလတွင် ပြည်သူတို့၏မျက်လုံးထဲ၌ ဗိုလ်သန်းရွှေသည် အရုပ်။ အာဏာခလုတ်ကို ကိုင်ထားသူ ဗိုလ်စောမောင်ပြီးနောက် အာဏာနံပါတ်(၂) မှာ ဖျတ်လတ်သွက်လက်နေသော ထောက်လှမ်းရေးဗိုလ်ခင်ညွန့်ဟု အများက နားလည်ခဲ့ကြသည်။
၁၉၉၂ ဧပြီ ၂၃ ရက်နေ့တွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ဗိုလ်စောမောင်ဖယ်ရှားခံရပြီးနောက် လေးလံထိုင်းမှိုင်းလွန်းသော ဗိုလ်သန်းရွှေအပေါ် မျှော်လင့်သူများရှိခဲ့သည်။ ဗိုလ်စောမောင်ခိုင်းသမျှ စိတ်မပါလက်မပါ လုပ်ခဲ့ရသောသူဟု ကိုယ့်ဖာသာ ကောက်ချက်ဆွဲကြကာ ပြည်သူအပေါ်ထောက်ထားညှာတာမှု တစ်စုံတစ်ရာရှိလာလေမလားဟု စိတ်ကူးယဉ်ကြခြင်းဖြစ်သည်။ ထိုင်းထိုင်းမှိုင်းမှိုင်းကြီးက အာဏာနံပါတ်(၁) အဖြစ် စတင်သက်ဝင်ခါစ ဖိနှိပ်မှုယန္တယား ပိုမိုသွက်လာသည့်တိုင် ဉာဏ်နီဉာဏ်နက်များသော ထောက် လှမ်းရေးခင်ညွန့်၏လက်ချက်ဟု ထင်မှတ်ကာ ဗိုလ်သန်းရွှေအပေါ် မရဲတရဲ မျှော်လင့်ကြဆဲဖြစ်သည်။
စစ်အစိုးရအဖွဲ့ဝင်များထဲက နာမည်ကျော် ထွန်းကြည်၊ ကျော်ဘ၊ မြင့်အောင် စသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ၁၃ ဦးကို ၁၉၉၇ ခုနှစ် နိုဝင်ဘာလအတွင်း ဗိုလ်သန်းရွှေနှင့် ဗိုလ်ခင်ညွန့်တို့ လက်ဝါးချင်းကြိတ်ရိုက်ကာ ဖြုတ်ထုတ်ရှင်းလုပ်လိုက်သည့်အခါ အာဏာနှင့်ပတ်သက်လာလျှင် ဇာတ်တူသားပင်စားရဲသော အာဏာရှင် တို့၏ဗီဇကို ထင်ထင်ရှားရှား မြင်လာရသည်။ ခြေဖဝါးချင်းလာတိုင်းနိုင်ပြီး ကိုယ့်စကား မြေဝယ်မကျနားထောင် နိုင်စွမ်းမရှိသော တပ်ထဲက မတိမ်းမယိမ်းတစ်အုပ်စုလုံးကို ရှင်းထုတ်ပစ်လိုက်ခြင်းဖြစ်သည်။
အာဏာရှင်ပါးဝပြီး လက်ရဲဇက်ရဲရှိလာပြီဖြစ်သော ၂၀၀၂ ခုနှစ်မတ်လကိုရောက်တော့ ဗိုလ်နေဝင်း၏ သမက်နှင့်မြေးများက အာဏာသိမ်းရန် ကြံစည်သည်ဟုဆိုကာ မော်ပင်မကြည့်ရဲခဲ့ဖူးသော ဗိုလ်နေဝင်းကိုပင် အကျယ်ချုပ်ဘဝသို့ ပို့ပစ်၍ ပထမအာဏာရှင်အဖြစ်မှ ဇာတ်သိမ်းပေးခဲ့သည်။ ဗိုလ်သန်းရွှေအနေဖြင့် သူ၏အထက်တွင် သူမော့ကြည့်နေရမည့် တစ်ယောက်ယောက်ရှိနေခြင်းကို လက်မခံနိုင်သည့်သဘော။ ပြီးတော့ ဘုရားတစ်ဆူ ဂူတစ်လုံးအဖြစ် ဗိုလ်ခင်ညွန့် ကိုးကွယ်နေသူအား အပြတ်ရှင်းလိုက်ခြင်းဖြင့် ဗိုလ်ခင်ညွန့်၏ စိတ်ခွန်အားကို ချိနဲ့စေမည့်ရည်ရွယ်ချက်လည်း ပါနိုင်သည်။ ထို့နောက် လူ ၁၀ ယောက် ပင်မရှိသော နာရေးအဖြစ် ဗိုလ်နေဝင်း ညှိုးငယ်စွာသေဆုံးသွားခဲ့ရာ ထိုင်းမှိုင်းလွန်းလှသော ဗိုလ်သန်းရွှေ၏ လက်ဆကို ပြည်သူတို့ ကောင်းကောင်းသဘောပေါက်လာတော့သည်။
ဗိုလ်နေဝင်းအလွန် ရှေ့ခရီးတွင် ပြည်သူအချို့က ဗိုလ်ခင်ညွန့်အပေါ် မရဲတရဲမျှော်လင့်လာကြသည်။ ပြင်ပကမ္ဘာတွင်ကျင်လည်ကာ နိုင်ငံတကာဖိအားများကို မျက်နှာထားမျိုးစုံဖြင့် တည့်တည့်ရင်ဆိုင်နေရသော ဗိုလ်ခင်ညွန့်သည် တိုင်းပြည်အား အပြောင်းအလဲလုပ်ရန် စိတ်အားထက်သန်ပုံရသည်ဆိုသော မှန်း ဆချက်များပင် ထွက်ပေါ်လာခဲ့သည်။ အတွေးရဲလွန်းသူတချို့က ဗိုလ်သန်းရွှေကိုဖယ်၊ ဒေါ်အောင်ဆန်းစု ကြည်နှင့် ဗိုလ်ခင်ညွန့်တွေ့ဆုံဆွေးနွေးအဖြေရှာကြမည့် အနာဂတ်နိုင်ငံတော်အထိ စိတ်ကူးယဉ်ကြည့်ကြ သည်။
သို့သော်၊ ၂၀၀၄ ခုနှစ်သို့အရောက် စကားမပြောသူကြီးက ခြေစွာနေသောဗိုလ်ခင်ညွန့်ကို မပြောမဆို ဇာတ်တူသားစားလိုက် ပြန်သည်။ ဉာဏ်များရုံတင်မက အင်အားကြီးလွန်းလှပါသည်ဆိုသော ထောက်လှမ်းရေး တစ်ဖွဲ့လုံးကို သေနတ်တစ်ချက်ဖောက်စရာမလိုဘဲ ဇာတ်သိမ်းပစ်လိုက်ခြင်းဖြစ်သည်။ (ဗိုလ်ခင်ညွန့်သည်၎င်း ပြန်လွတ်လာပြီးနောက် ဗိုလ်သန်းရွှေအာဏာမရှိတော့သည့်တိုင် ဗိုလ်သန်းရွှေအကြောင်း ထိထိ မိမိ မတို့ရဲ မထိရဲ သည်အထိ အကြောက်ကြီးကြောက်ခဲ့သော်လည်း ဒီမိုကရေစီအရေးကိုမူ ဆန့်ကျင်မြဲဖြစ်သည်။)
ပြိုင်ဘက်မရှိတော့သော ဒုတိယအာဏာရှင်ကြီးအဖြစ် စိတ်လွတ်ကိုယ်လွတ် ဖြစ်လာချိန်တွင် အာဏာဖြင့်သိုက်တူးခြင်းအတတ်ကိုလည်း ဗိုလ်သန်းရွှေကျွမ်းကျင်ပိုင်နိုင်နေခဲ့ပြီ။ ဗိုလ်သန်းရွှေ၏ အားသာချက်မှာ ဗိုလ်နေဝင်းကဲ့သို့ ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ ပုံစံမျိုးမရှိ။ ရတုန်းရခိုက် ရသလိုသိုက်တူးကြဆိုသည့်မူဖြင့် သူ့အနီးဝန်းကျင်ရှိ ဗိုလ်ချုပ်ကြီးများမှသည် ဆေးရုံဂိတ်စောင့်အထိ လွတ်လပ်ခွင့်ပေးခဲ့သည်။
အကျိုးစီးပွားရှိနေသောသူ၊ မဟုတ်တာလုပ်နေသောသူ ပြားပြားဝပ်လေ့ရှိမှန်း ဗိုလ်သန်းရွှေကောင်း ကောင်းသိခဲ့သည်။ ထို့ကြောင့် ဗိုလ်မောင်အေးဆိုလျှင်လည်း မလှန်ရဲ။ သူ့အနားရောက်လာသည့် ဗိုလ်ချုပ်ကြီးများဆိုလျှင်လည်း မျိုးဆက်ကွာဟမှုအရရော ‘အဘကြီးကြောင့်သာ ငါတို့ဒီနေရာ ရောက်လာရတာ’ ဆိုသည့် အမြင်အရရော ကိုယ့်လုပ်ပိုင်ခွင့်နှင့်ကိုယ် သိုက်တူးခွင့်ရနေခြင်းကြောင့်ပါ ဗိုလ်သန်းရွှေ၏ နှုတ်ထွက် စကားတိုင်းကို ဦးထိပ်ပန်ဆင်ကြတော့သည်။
နိုင်ငံတကာဖိအားကြီးလာလျှင် နိုင်ငံရေးအကျဉ်းသားအသင့်အတင့်ပြန်လွှတ်၊ ဒေါ်အောင်ဆန်းစု ကြည်ထံ ဆက်ဆံရေးဝန်ကြီးဗိုလ်ချုပ်အောင်ကြည်ကိုစေလွှတ်ကာ နိုင်ငံပိုင်သတင်းစာများထဲ သတင်းတစ်ကွက်ဖော်ပြ။ ဒါ့ထက်ပိုလိုအပ်လာပါက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှလွှတ်။ လိုအပ်လာပါက လိုအပ်သလို ဘုန်းကြီးလည်းရိုက်နှက်ထောင်ချဖို့ရာ ဝန်မလေး။
ထိုသို့သောနည်းလမ်းများဖြင့် ဗိုလ်သန်းရွှေတရွတ်ဆွဲခေါ်ရာ ၂၀၁၀ ရွေးကောက်ပွဲအထိ ပြည်သူတို့ မငြင်းနိုင်ဘဲလိုက်ကြရသည်။ သို့သော်၊ လောကဓံပေါင်းသောင်းခြောက်ထောင်ကြား အထိအခိုက်မရှိအောင် ပိုက်ထွေးခဲ့သော ပြည်သူတို့ရင်ထဲက ဒီမိုကရေစီပန်းပွင့်ကိုမူ ဗိုလ်သန်းရွှေ သတ်မပစ်နိုင်ခဲ့။
၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးအစိုးရတက်လာသည့်အခါ စကားမပြောသူကြီးသည် စာဖတ် နေသူကြီးအဖြစ် သက်သောင့်သက်သာ။ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံအောက်ဝယ် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို မြင်ခွင့်ရပြီးနောက်တွင် ပြည်သူတို့၏အာရုံထဲ ဦးသိန်းစိန်အပေါ် နည်းနည်းမျှော်လင့်လာကြသည်။ ၂၀၁၂ အလွန်ကာလများတွင်တော့ ပြည်သူတို့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပေါ် ခပ် များများမျှော်လင့်ခဲ့ကြ ပြန်သည်။
ပြောရလျှင် ၁၉၈၈ ခုနှစ် ဒီဘက် စစ်တပ်ခေါင်းဆောင်များထဲတွင် ပြည်သူနှင့်ခပ်နီးနီးနေရာသို့ ရောက်ရှိလာသူမှာ သူရဦးရွှေမန်းတစ်ဦးတည်းသာရှိခဲ့သည်။ သို့သော်၊ သူရဦးရွှေမန်း ဖြိုခွင်းခံရပြီးနောက်တွင် သူသည်လည်း ရှေ့ဆက်တက်မလာဘဲ တဖြည်းဖြည်း နိုင်ငံရေးသိမ်ဝင်သွားခဲ့သည်။ ယခုလို ရန်-ငါ စည်းပြတ်ကိုပြတ်ရမည့်အချိန်တွင် ဘာ့ကြောင့် သူရဦးရွှေမန်း၏အသံ လုံးဝပျောက်သွားရသနည်း။ ၎င်းတွင် အကျိုးစီးပွားရှိနေခြင်းနှင့် ၎င်း၏ အကျိုးစီးပွားထိခိုက်ပျက်ပြားခံပြီး ပြည်သူနှင့်တသားတည်းကျအောင် မရပ် တည်ရဲခြင်းကြောင့်ဖြစ်သည်။ ထပ်အထူးပြုရသော် မိမိ၏နိုင်ငံရေးဘဝကို မိမိအကျိုးစီးပွား အထိခိုက်ခံပြီး မတည်ဆောက်ရဲသော စစ်ဗိုလ်ချုပ်တစ်ဦး၏ သူရဲဘောကြောင်မှုဖြစ်သည်။ ထားတော့။
အာဏာသိမ်းစစ်ခေါင်းဆောင်များအကြောင်း ထပ်ဆက်လိုပါသည်။ လက်ရှိအာဏာသိမ်းခေါင်း ဆောင် မင်းအောင်လှိုင်မှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ်၊ ဗိုလ်ချုပ်မှူးကြီးအဖြစ် အများမြင်သာသော မျက်နှာစာထက်ရောက်ရှိခဲ့သည်မှာ ပြည်ခိုင်ဖြိုးအစိုးရသက်တမ်းနှင့် အပြိုင်ပင်ဖြစ်သည်။ သက်တမ်းအားဖြင့် ဆယ်စုတစ်ခုကျော်။ ကာကွယ်ရေးဦးစီးချုပ်အဖြစ် မင်းအောင်လှိုင်စတင်သည့် အချိန်ကတည်းကပင် ၎င်းအပေါ် ဘယ်ပြည်သူကမှ မျှော်လင့်ချက်မထား။ အမျိုးသားဒီမိုကရေစီ အစိုးရတက်လာပြီးနောက် ဗြောင်ကျကျအတိုက်အခံပြုလာသော မင်းအောင်လှိုင်အဖြစ် မြင်တွေ့လာသည့်အခါ ဒီမိုကရေစီပြည်သူတို့က ရန်သူဟုပင် ရှုမြင်ခဲ့ကြသည်။
ဖေဖေါ်ဝါရီ ၁ ရက်နေ့၊ ခွေးဇာတ်ခင်းအာဏာသိမ်းလိုက်ရုံတင်မက ဒီမိုကရေစီကို ခုခံကာကွယ်နေသော ပြည်သူများအား အရက်စက်ဆုံးသတ်ဖြတ်ချေမှုန်းနေခြင်းအရ သူ့ဆရာဗိုလ်သန်းရွှေကိုကျော်ကာ ပြည်သူမုန်းတီးခံဘဝသို့ ရောက်ရှိခဲ့သည်။ မင်းအောင်လှိုင်၏ တတိယအာဏာရှင်အဖြစ် ထူထောင်ခန်းမှာ ၅ လကျော်ခဲ့ပြီဖြစ်သော်လည်း အခြေခံရပ်ရွာအုပ်ချုပ်ရေးအဆင့်ပင် ယိုင်လဲနေသေးသည့် အိုးနင်းခွက်နင်းအဆင့်ဖြစ်သည်။ နိုင်ငံတကာ မျက်နှာစာတွင်လည်း ပြင်းထန်သောရှုတ်ချခြင်းများ နှင့်ရင်ဆိုင်နေရသည်။ ၅ လတာကို တစ်ခွန်းတည်းချုပ်ရသော် အာဏာသိမ်းစစ်ကောင်စီသည် အရေးပေါ်ခန်းထဲတွင် အသက် လုကုသမှုခံယူနေရသည့်အဆင့်။
၅ လတာအတွင်း မည်သူ့ကိုမှ လူမထင်ဆိုသည့်အချိုးမျိုးဖြင့် ပြည်သူကို ပြတ်ပြတ်သားသား ပစ်သတ်ဖမ်းဆီးခြင်းတစ်နည်းတည်းကိုသာ မက်မက်စက်စက်ကျင့်သုံးခဲ့သည်။ ဇွန် ၃၀ ရက်တွင်မူ နိုင်ငံတကာ ဖိအားများကို နိုင်ငံရေးအကျဉ်းသားလွှတ်ပေးခြင်းနည်းဖြင့် လျော့ပါးစေရန်အလို့ငှာ ပထမဆုံးအကြိမ် နိုင်ကျဉ်းအချို့ ပြန်လွှတ်ခဲ့သည်။ သို့သော်၊ သူ့ဆရာ ဗိုလ်သန်းရွှေကဲ့သို့ ပညာသားမပါ။
ယင်းမတိုင်မီ ဇွန်၂၀ - ၂၇ရက် မင်းအောင်လှိုင် ရုရှားရောက်နေသည့်အချိန်တွင် အများအမြင် စစ်ကောင်စီနံပါတ် (၂) စိုးဝင်းကပဲ အာဏာသိမ်းတော့မလိုလို အတည်ပေါက်သတင်းများလည်း ခပ်စိပ်စိပ်ထွက် လာခဲ့သည်။ ပြောရလျှင် မျှော်လင့်ချက်ပေးသည့်သတင်းမျိုး။ လျှောက်နေသည့်ခြေထောက် မြန်မြန်ဆန်ဆန် နောက်တစ်လှမ်း ထပ်မရောက်ရလေအောင် အချိန်ဆွဲပေးသည့် သဘောများလားဟု သံသယဖြစ်ချင်စရာ ရည်ရွယ်ချက်ပါသော ကောလာဟလသတင်းမျိုးလည်းဖြစ်သည်။
စိုးဝင်းအပေါ် ပြည်သူ့အမုန်းစူးရှမှုမှာ လက်ရှိအချိန်တွင် မင်းအောင်လှိုင်လောက် ရေချိန်မမြင့်သေး တာလည်းပါသည်။ ထို့ကြောင့် အဆိုပါကောလာဟလ ထွက်ပေါ်လာပြီးနောက်တွင် လက်ရှိအကြပ်အတည်းမှ အမြန်ဆုံးလွတ်မြောက်လိုသူအချို့က စိုးဝင်းသာအာဏာသိမ်းခဲ့လျှင်… ခေါင်းစဉ်ဖြင့် ကိုယ့်ဘာသာ စိတ်ကူးယဉ်ကာ နည်းနည်းပါးပါးမျှော်လင့်ကြည့်ကြသည်။
တကယ်တော့ စိုးဝင်းဆိုတာကလည်း အာဏာနှင့်အကျိုးစီးပွား ပူးချည်ခံထားရသောသူ။ မြန်မာ့ရေခံ မြေခံအရ စစ်တပ်သည် နိုင်ငံရေးဦးဆောင်မှုကဏ္ဍတွင် ရှိကိုရှိနေရမည်ဆိုသည့်အထိုင်ပေါ် ကြီးပြင်းလာခဲ့သူ။ ထို့ကြောင့် ၎င်း၏ အကျိုးစီးပွား အပျက်ခံကာ ပြည်သူအတွက် အာဏာသိမ်းပေးရန် စိုးဝင်းအိပ်မက်ပင် မက်လိမ့်မည်မဟုတ်ပေ။န နောက်ဆုံးအမှန်တကယ်အာဏာသိမ်းသည့်တိုင် မင်းအောင်လှိုင်လို နံပါတ်တစ် ဖြစ်ချင်သဖြင့် သူ့အတွက်သူသိမ်းသောအာဏာသိမ်းခြင်းသာလျှင်ဖြစ်ပြီး ပြည်သူအပေါ်ဒုက္ခပေးရာတွင် သူ့ထက်ကဲသော ရွှေပြည်စိုးမဖြစ် ကံကောင်းဖြစ်သည်။
အာဏာဖြင့်သိုက်တူးခြင်းအတတ်ကို ကျွမ်းကျင်ကြကုန်သော ဗိုလ်သန်းရွှေအမှူးပြုသည့် အဆက် ဆက်သောစစ်ခေါင်းဆောင်တို့သည် ၎င်းတို့၏အကျိုးစီးပွားကိုသာ ဦးထိပ်ပန်မြဲဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အပေါ် မျှော်လင့်ချက်တစ်စုံတစ်ရာထားခြင်းသည် နွေဦးတော်လှန်ရေးအတွက် အိပ်ရေးပျက်ရုံသာရှိပေမည်။
လင်းခေတ်