ကနေဒါနိုင်ငံ ဗြိတိသျှလံဘီယာပြည်နယ်အလယ်ပိုင်းမှာ ဇူလိုင် ၂ ရက်က စပြီး နေရာ ၁၃၅ နေရာလောက်မှာ တောမီးတွေ လောင်နေပါတယ်။
တောမီးတွေ ပိုလောင်စေတဲ့အကြောင်းက မိုးကြိုးပစ်အပြီး လေပြင်းတွေ တိုက်ခတ်လို့ ဖြစ်ပြီး မီးလောင်ရာ လေပင့်သလို ဖြစ်နေတာလို့လည်း ဆိုပါတယ်။ ဒီသီတင်းပတ်ကုန်ရက်မှာ ပိုပြီး မိုးကြိုးပစ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထုတ်ထားပါတယ်။
ဇွန် ၃၀ ရက်နဲ့ ဇူလိုင် ၁ ရက် စုစုပေါင်း ၂ ရက်အတွင်းမှာ ဗြိတိသျှ- ကိုလံဘီယာနဲ့ အယ်လ်ဘာတာပြည်နယ်အနောက်ပိုင်းမှာ အကြိမ်ရေ ၇၁၀၀၀ ကျော် လျှပ်စီးလက်ခဲ့တာကို မှတ်တမ်းတင်ထားပါတယ်။
ဒါဟာ ကျန်ခဲ့တဲ့ ငါးနှစ်အတွင်း အလားတူ အချိန်မှာ ပျမ်းမျှ လျှပ်စီးလက်ခဲ့တဲ့ အကြိမ်ရေ ၈၃၀၀ နဲ့ စာရင် ၁၀ ဆပိုများတယ်လို့ သတင်းအချက်အလက်တွေကို ကောက်ယူနေတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ဆောင်ရွက်ချက်ကုမ္ပဏီရဲ့ မိုးလေဝသပညာရှင် ခရစ်ဗာဂါစကီက ပြောပါတယ်။
သီတင်းပတ်ကုန်ရက်မှာ တောမီးဟာ ဧက ၂ သိန်းခွဲလောက်ကို လောင်ကျွမ်းနိုင်တယ်လို့ ခန့်မှန်းထားတယ်လို့လည်း အရာရှိတွေက ပြောပါတယ်။
တောမီးကြောင့် အိမ်ခြေ ၁၃၀၀ လောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားပါတယ်။ ကြက်ခြေနီအဖွဲ့ကတော့ မိသားစုတွေ ပြန်ဆုံဆည်းနိုင်ရေး အရေးပေါ် ဖုန်းလိုင်းတရပ် စီစဉ်ပေးထားပါတယ်။