ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ နဝင်းနယ်မြေ၊ ဖိုးခေါင်ကျေးရွာမှာ စစ်ကောင်စီရဲ့ ဒလန်သတင်းပေးတိုင်ကြားခံရလို့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဇွန်လ ၂၉ နေ့ည ၁၁ နာရီမှာ နေအိမ်ကနေ ဖမ်းဆီးသွားပြီး ဇူလိုင် ၁ ရက်နေ့က သေဆုံးခဲ့ရတဲ့ ကိုစိုးမင်းရဲ့ ဈာပနကို ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဖမ်းဆီးစဉ်က မြရွာကျောင်း ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတာဖြစ်ပြီး ကာယကံရှင်တွေဘက်ကတော့ မဟုတ်ဘူးလို့ ငြင်းဆိုပြီး ဒလန်ရဲ့ လီဆယ်တိုင်တန်းမှုကြောင့် ဖြစ်ရတာလို့ ပြောပါတယ်။
“လာဖမ်းတုန်းက စစ်သားရော၊ ရဲရောနှစ်ဖွဲ့စလုံးပါတယ်။ ဖမ်းခံရတာ ၂၉ ရက်နေ့ ည ၁၁ နာရီကျော်ကျော်လောက်မှာ ဖမ်းသွားတာ။ ရွာထဲမှာ ပြောတာကတော့ သတင်းရလို့ ဝင်ဖမ်းသွားတာလို့ ပြောတယ်။ ဘယ်မှာထားလဲဆိုတာ အိမ်ကလူတွေ လိုက်စုံစမ်းတော့ ၃၀ ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ပြောပြီး၊ နောက်နေ့ကျတော့ ဆေးရုံကြီးမှာ အလောင်းလာထုတ်ပါတော့တဲ့။ အခုအလောင်းထုတ်လာတော့ တော်တော်ကြီးကို နှိပ်စက်ခံထားရတဲ့ မြင်ရက်စရာတောင်မရှိဘူး။ တော်တော်လေးကို ရိုက်နှက်ထားတာ အညိုအမည်းတွေနဲ့၊ လက်ကောက်ဝတ်တွေကို ရိုက်ချိုးထားတယ်” လို့ မိသားစုဝင်တွေက ပြောပါတယ်။
ကိုစိုးမင်းဟာ သံဖြူလုပ်ငန်း လက်ခစား လုပ်ကိုင်နေသူဖြစ်ပြီး ကိုရင်ဝတ်ခိုင်းထားရတဲ့ ၁၁ နှစ်အရွယ်သား ၁ ဦး၊ ၂ နှစ်အရွယ်သမီး ၁ ဦးနဲ့ အကြားအာရုံအားနည်းနေတဲ့ ဇနီးတို့ ကျန်ရစ်တယ်လို့ သိရပါတယ်။