မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မင်းဂြိုဟ်စံပြရွာက NLD ပါတီ ရပ်ကျေး ဥက္ကဋ္ဌ နဲ့ အုပ်ချုပ်ရေးမှူးတို့ကို ဇွန် ၃၀ ရက် ည ၈ နာရီကျော်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီလိုလာရောက်ဖမ်းဆီးပေမယ့် နှစ်ဦးလုံး ရှောင်တိမ်းနေတဲ့အတွက် မဖမ်းမိတာကြောင့် NLD ပါတီ ရပ်ကျေး ဥက္ကဋ္ဌရဲ့ ယောက်ဖဖြစ်သူကို ဖမ်းသွားတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “NLD ရပ်ကျေး ပါတီ ဥက္ကဋ္ဌ နဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူးကို လာဖမ်းတာ၊ NLD ရပ်ကျေးပါတီ ဥက္ကဋ္ဌ ဆို နေမကောင်းဖြစ်နေတာ ကျန်းမာရေးချူခြာနေတာကြပြီ။ အဲဒါကိုလာဖမ်းကြတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းက အမျိုးသမီး။ အိမ်တွေကို လာဝိုင်းတယ်။ သေနတ် ဖောက်တယ်။” လို့ ပြောပါတယ်။
သေနတ်ဖောက်သံကြားတဲ့အတွက် နေအိမ်မိသားစုဝင်တချို့လည်း ထွက်ပြေးတိမ်းရှောင်ကြပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း အမျိုးသမီးရဲ့ ယောကျ်ားကို နားထင် သေနတ်နဲ့ထောက်ကာ စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ ဇူလိုင် ၁ ရက်နေ့မှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ အင်အားအလုံးအရင်းနဲ့ လာရောက်ပြီး သေနတ်ပစ်ဖောက်တာတွေ လုပ်ခဲ့ကြပါတယ်။