မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ အထက်နမ့်ဟွယ်ရွာ ကိုသွားတဲ့ လမ်းမကြီးနားက အမှိုက်ပုံမှာ ဒဏ်ရာတွေနဲ့အမျိုးသား ၂ ဦးကို ဇွန် ၂၆ ရက် မနက်ပိုင်းက လာရောက် စွန့်ပစ်ထားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ညှဉ်းပန်းနှိပ်စက်ခံထားရပြီး စွန့်ပစ်ခံထားရတဲ့ ၂ ဦးထဲက ၁ ဦးဟာ အသက် သေဆုံးနေပြီး ကျန်တစ်ဦးကတော့ အသက်ရှင်လျက်ရှိနေပါတယ်။
လာပစ်ထားခံထားရသူ ၂ ဦးထဲက အသက် ၄၀ ဝန်းကျင်ရှိ ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ် ဥက္ကဋ္ဌ ကိုမောင်ဇော်ဟာ ပါးစပ်ကို အဝတ်နဲ့ ချည်နှောင်ပိတ်ခံထားရလျက် သေဆုံးနေပြီး ဒဏ်ရာတွေနဲ့ အသက်ရှင်နေသေးတဲ့ အသက် ၃၀ အရွယ် ရဲဝင့် အောင်ဆိုသူကိုတော့ ကွတ်ခိုင်ဆေးရုံ ပို့ထားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်သူ၊ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဖြစ်တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။