ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ ထပ်တိုးတွေ့ရှိခဲ့တဲ့ မြို့မဈေး ကုန်စိမ်းရုံကို ဒီနေ့ ဇွန်လ ၁၈ ရက်မှ ဇူလိုင်လ ၁ ရက်အထိ အသွားအလာကန့်သတ် လော့ဒေါင်း ချသွားမှာ ဖြစ်ကြောင်း လားရှိုး Covid - 9 Operation Team က သိရပါတယ်။
"လားရှိုးမြို့ ကုန်စိမ်းတန်းဈေးနဲ့ အလှကုန်တန်းကို နှစ်ပတ်တိတိ ယာယီပိတ်ထားလိုက်ပြီ။ လော့ဒေါင်း ချလိုက်ပါပြီ" လို့ လားရှိးမြို့ခံ ဈေးသည် တစ်ဦးက ပြောပါတယ်။
ကုန်းစိမ်းဘက်အခြမ်းမှာ ပန်းတန်း၊ ကျူလီယာတန်း၊ စားသောက်တန်းတွေပဲပိတ်မှာဖြစ်ပြီး သားငါးရုံ၊ စဉ့်အိုးတန်း၊ ပလောင်တန်း၊ ကုန်ခြောက်ရုံနဲ့ ဘဏ် ၁ -၂ လမ်းက ဈေးဆိုင်တန်းတွေကတော့ ပုံမှန်အတိုင်း ဖွင့်ထားမှာဖြစ်ပြီး ဈေးကြီးတွေ လော့ဒေါင်း ချဖို့ လိုလာပါက ကြိုတင်အသိပေးသွားမယ်လို့ ဆိုပါတယ်။
လားရှိုးမှာ ဇွန်လ ၁၇ ရက် ညနေ ၅ နာရီထိ ထပ်တိုးတွေ့ရှိတဲ့ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၁၃ ဦးရှိပြီး ဇွန်လ ၈ ရက်မှ ဇွန်လ ၁၇ ရက်နေ့ထိ ပိုးတွေ့လူနာစုစုပေါင်း ၈၆ ဦးရှိပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးမှာတော့ လားရှိုး၊ သီပေါ၊ နမ့်လန်၊ တန့်ယန်း၊ နမ္မတူနဲ့ မိုင်းရယ်တို့မှ စုစုပေါင်း ပိုးတွေ့ လူနာပေါင်း ၁၀၁ ဦးထိ ရှိပြီး နမ့်လန်က ၁ ဦးနဲ့ တန့်ယန်း ၁ ဦး စုစုပေါင်း သေဆုံးသူ ၂ ဦးရှိပါတယ်။