Home
ဆောင်းပါး
မြူနှင်းဝေ့သီ ကရင်နီနယ်ဆီသို့ လွမ်းစာ…
DVB
·
June 17, 2021
201096602_537760257384517_7371067656809663971_n
201096602_537760257384517_7371067656809663971_n

“ပျိုလေးတို့ ၊ အိမ်ခေါင်မိုး ၊ ထိုးလာပါတဲ့ ပေဖူးလွှာ ၊ ဘာစာလို့မေး။

မေးပါနဲ့အေ ၊ ယိုးဒယားငယ်နှင့် ကုလားကို စစ်ချီတော့ 

ကရင်နီအောင်တပ်က ဆံဖြတ်မောင်စီလို့ရေး လွမ်းစာတဲ့လေး….။” 

ငယ်ငယ်က ဖတ်ခဲ့မှတ်ခဲ့ ဆိုခဲ့ဖူး တာလေးကို အသံထွက်ပြီး တိုးတိုးညင်ညင် ညည်းနေမိတယ်။ ကရင်နီ အောင်တပ်တော်ဆီက ချစ်သူမောင်ရဲ့ တလွမ်းတဆွေးစာလေးကို ဖတ်ပြီး တမ်းတဝေရီ မျက်ရည်တို့ ဝေ့သီနေတဲ့ ကရင်နီ အမျိုးသမီးငယ်လေးရဲ့ အဖြစ်ကို စာနာနေမိတယ်။ ကရုဏာသက်နေမိတယ်။ 

ကရင်နီဒေသရဲ့ သဘာဝရှုခင်းတွေကလည်း ညို့ညို့မှိုင်းမှိုင်း မို့မို့ဆိုင်းဆိုင်းနဲ့။ ပတ်လည်တခို ကြည့်ပြန်တော့လည်း တောင်တန်းတောင်စွယ်တွေ။ ကိုထူးတို့ ခိုနားရာအရပ်ဟာ တောင်တွေကြားက လျှိုကလေးလို ဖြစ်နေတယ်။ ထွက်လမ်း ဝင်လမ်းက တပေါက်တည်းရှိရဲ့။ တောင်ပေါ်က မြက်ခင်းစိမ်းစိမ်းလေးတွေ။ တောင်ကျရေကျသံ ကျေးငှက် အစုံစုံတို့ရဲ့ တွန်ကျူးသံ။ လေတိုက်တိုင်း သစ်ရွက်ခတ်သံတွေမှတပါး ပကတိ တိတ်ဆိတ်လို့။ 

ဒွေးမယ်နော်တို့ ပျော်စံရာ တောင်စဉ်တောင်တန်းတွေကလည်း ငြိမ်သက်မတ်ခိုင်လို့ပေါ့။ ငွေတောင်ရဲ့ အငွေ့အသက်ကလည်း ရင်ကို အေးမြစေခဲ့ပါတယ်။ ကရင်နီပြည်သားတွေရဲ့ ဂုဏ်ယူဖွယ်ရာ ဇာတိမာန်တံခွန်ထူစရာပေပဲ။ တကယ်တော့ ဒီဒေသကို ဗမာဘုရင်တွေ လက်ထက်ကတည်းက ကူးလူးဆက်ဆံမှု ရှိခဲ့တယ်။ အဝဘုရင်တွေလက်ထက်ကတည်းက ဩဇာလွှမ်းခဲ့တယ်လို့ ဆိုကြပေမယ့် ခရစ်ယာန်သာသနာပြုမှတ်တမ်းတွေကတော့ ‘သီးခြားလွတ်လပ်တဲ့ အုပ်ချုပ်ရေးနယ်တွေ ဖြစ်တယ်’လို့လည်း ဆိုပါတယ်။ ယင်းဘော်၊ ကယော၊ ပအိုဝ်း၊ အင်းသား၊ ကယန်း(ကြေးပတ်)၊ ရှမ်း၊ လီဆူ စတဲ့ လူမျိုးစုံတို့ အတူတကွ ယှဉ်တွဲနေထိုင်ကြတယ်။

ညောင်ရမ်းခေတ်လောက်ကတော့ ဒီဒေသမှာ ဗုဒ္ဓသာသနာ ရောက်ခဲ့ဖူးတယ်လို့ ဒေါက်တာသန်းထွန်းက ဆိုခဲ့တယ်ဆိုပေမဲ့ အခုတော့ ဗုဒ္ဓသာသာဘုန်းကြီးကျောင်းတွေ မရှိသလောက် ရှားပါးနေတယ်။ ကက်သလစ် ခရစ်ယာန်သာသနာပြုကျောင်းတွေပဲ ဒေသကျေးရွာ အနှံ့မှာ တွေ့ရတယ်။ ဒီဒေသက ကိုထူးတို့ နားခိုတဲ့ရွာမှာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး စရောက်လာတဲ့အကြောင်းကို ရယ်ရွှင်ဖွယ်ရာ ဇာတ်လမ်းတပုဒ်အဖြစ် ပြောပြကြသေးတယ်။ ကိုအဲရစ်က သက်ကြီးစကား သက်ငယ်ကြား ဆိုသလို သူ ပြောပြတာက...

“အင်္ဂလိပ်ခေတ်ကပေါ့။ ဝတ်စုံမည်းမည်းကြီးနဲ့ လူတယောက် ရွာကို ရောက်လာခဲ့တယ်။ မျက်နှာမှာလည်း အမွှေးအမှင် ထူလပျစ်နဲ့။ အသားကလည်း နီစပ်စပ်၊ ဝတ်ရုံအမည်းကြီးအပြင် ခြေချောင်းတွေ မရှိတဲ့ မိစ္ဆာတကောင်အဖြစ် လူထုက မြင်လာတယ်။ အေးဗျာ၊ သူက ဘွတ်ဖိနပ် စီးထားတော့ ရွာသားတွေက ဖနောင့်မရှိသူ၊ ခြေချောင်းမရှိသူဟာ မိစ္ဆာပဲ  ဖြစ်မယ်ဆိုပြီး ကြိုးနဲ့ တုပ်ဖမ်းထားလိုက်တာပေါ့။ ညကျတော့ သူ့ကို ရွာက မုဆိုးမတယောက်နဲ့အတူတူ တဲအိမ်လေးထဲမှာ ထားလိုက်တယ်။ အဲဒါကလည်း ဒီလိုလေ...”ဆိုပြီး စကားကို ခဏဖြတ်ထားလိုက်တယ်။ 

“အဲဒီအချိန် အဲဒီခေတ်ကာလတုန်းက လင်သေမုဆိုးမ ဆိုတာ ကံမကောင်းလို့ လင်သေတာ။ ဒီတော့ မိစ္ဆာမှန်ရင် မုဆိုးမနဲ့ တညထားလိုက်တာနဲ့ မနက်ကျ သေရောပေါ့ဆိုပြီး ထားလိုက်တာ။ မနက်ရောက်တော့ မုဆိုးမလည်း မသေ၊ မိစ္ဆာကြီး မသေတော့ မုဆိုးမကို ရွာသားတွေက မေးကြည့်တော့ ဘာမှမဖြစ်ဘူး၊ သူက ကျောက်လုံးလေးတွေတော့ ကျွေးလို့ စားရတယ်။ အဲဒီတုန်းက သကြားလုံးလို့ မသိတော့ ‘ကျောက်လုံး’လို့ ပြောတာပါ။ စားလို့ကောင်းလိုက်တာ ဆိုတာနဲ့ အဲဒီကျောက်လုံးလေးတွေကို ရွာသားတွေလည်း ကျွေးတော့ စားရင်းနဲ့ ခြေဖျားနဲ့ ဖနောင့်ရှိကြောင်း ဖိနပ်ချွတ်ပြတော့မှ မိစ္ဆာမဟုတ်ဘူးဆိုပြီး လက်ခံလာရာက အခုထိ ဒီဒေသမှာ ကက်သလစ်ခရစ်ယာန်ဘာသာ ခိုင်မြဲလာခဲ့တာ”လို့ ရွာခံလူကြီးတယောက်က ပြောပြတယ်။

ဆက်ပြောတာက “ကျနော်တို့တရွာလုံး ကက်သလစ်ဝင်တွေ ဖြစ်ပေမယ့် ၇ အိမ်ခန့်ကိုတော့ ကက်သလစ်ဝင်အဖြစ် ခွင့်မပြုခဲ့ဘူး။ သူတို့က ရိုးရာ‘တံခွန်တိုင်’နဲ့ ကြက်ရိုးဗေဒင်ထိုးသူတွေပေါ့။ ဘုန်းတော်ကြီးက ရိုးရာအယူအဆနဲ့ ကိုးကွယ်မှု ပျောက်ကွယ်သွားမှာစိုးလို့တဲ့။ ရိုးရာအယူအဆကိုလည်း အားပေးခဲ့တယ်လေ။ ရိုးရာမပျောက်ပျက်ရအောင် ထိန်းသိမ်းပေး ခဲ့တာပေါ့။ ငါ့တရားမှ အမှန်လို့ တယူသန် မစည်းရုံးခဲ့ကြဟန်ပါပဲ။ အတုယူစရာတခုပါပဲ။ ဒီနှစ် တံခွန်တိုင်ပွဲမှာ ကြက်ရိုးဗေဒင်ထိုးတော့ ‘ဒီပွဲမှာ ပြည်သူနိုင်မယ်’ လို့ အဟောရှိတယ်ဗျ”တဲ့။ သူ့ယုံကြည်မှုနဲ့ သူပေကိုး။

တံခွန်တိုင်ကွင်းမှာတော့ လူအတော်စုံနေပြီ။ ကြေးမောင်းအကြီး၊ ယခွင်း ၊ လူလွယ်တီးရတဲ့ ဖားစည်နဲ့ ပလွေသမား သုံးယောက်လောက်လောက်ဟာ ကရင်း တီးရင်းမှုတ်ရင်း တံခွန်တိုင် အဝိုင်းကို ပတ်ပြီး ကနေကြတယ်။ တနှစ်တခါ အနီးအနားက ရွာတွေနဲ့ စုပေါင်းကျင်းပကြတာ ရှိသလို တရွာချင်းလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပတာလည်း ရှိတယ်။ တံခွန်တိုင်ဆိုတာက ပေ ၂၀ ကနေ ၂၅ ပေလောက် အမြင့်ရှိတဲ့ ကျွန်းတိုင်ကြီးတွေ ငါးလုံးကနေ အနည်းဆုံး ရှစ်တိုင်ခန့် ရှိတယ်။ ပင်မတိုင်ကတော့ အရှည်ဆုံး အမြင့်ဆုံးတိုင်ပေါ့။ တိုင်ထိပ်မှာတော့ အလံတင်ထားတယ်။ တိုင်အောက်ကစင်မှာတော့  ကြက်အရှင်တကောင် ရှိတာပေါ့။ အဲဒီကြက်ရဲ့အရိုးကိုထုတ်ပြီး ဗေဒင်ဟောရတာ။ ကျွန်းတိုင်ကြီးတွေကလည်း အကွေ့အကောက်မရှိ ဖြောင့်စင်းလို့။ အခုတော့ ကျွန်းဆိုတာလည်း ရှားပါးပစ္စည်း ဖြစ်နေပါပြီ။ တချိန်ကတော့ ကျွန်းပင်တွေ ထူပိန်းအောင် ပေါက်ခဲ့တဲ့ တောနက်ကြီးပေါ့။

ကျွန်းသစ်ဆိုလို့ ပြောရဦးမယ်။ အဲဒီကျွန်းသစ်နဲ့ ခဲမဖြူ၊ အဖြိုက်နက်တို့ ထွက်တာကြောင့် ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပြီးတော့ အဲဒီကျွန်းသစ်ကြောင့် အင်္ဂလိပ်က ကရင်နီနယ်ကို နယ်မြေပိုင်းခြားဖို့ လုပ်တော့ မြန်မာဘုရင်နဲ့ အင်္ဂလိပ်တို့ အငြင်းပွားကြသေးတာပဲ။ ကျွန်းသစ် ထုတ်တော့ အရှေ့ကရင်နီနယ်က မင်းတုန်းမင်းနဲ့ ပိုနီးစပ်ပြီး အနောက်ကရင်နီနယ်ကတော့ အင်္ဂလိပ်ကို ထောက်ခံသတဲ့။ နောက်ဆုံးတော့ အနောက်ကရင်နီနယ်ကို သီးခြားလွတ်လပ်တဲ့ နယ်အဖြစ် မင်းတုန်းက လက်မှတ်ထိုးပေခဲ့ရတာပေါ့။

အင်္ဂလိပ်က ကရင်နီနယ်ကို မသိမ်းပိုက်ခဲ့ဘူးဆိုပေမယ့် ‘ဆာနဒ်’ဆိုတဲ့ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးပြီး အုပ်ချုပ်စေခဲ့တာပေါ့။ ဒုတိယကမ္ဘာစစ်မှာလည်း ဒီနယ်ကို ဂျပန်တွေ မအုပ်ချုပ်နိုင်ခဲ့ဘူးလေ။ သဘာဝပထဝီ ပေးထားချက်ကိုက တောတောင်ထူထပ်တာရယ် ရာသီဥတု အခြေအနေတွေရယ်က အတားအဆီတခု ဖြစ်ခဲ့တာကိုး။ 

ဂျပန်ခေတ်ဆိုလို့ ပြောရဦးမယ်။ အခု ဦးလေးနဲ့ ကျနော်နဲ့ ရပ်နေတဲ့တောင်ကို ‘ဂျပန်ကုန်းလို့’ ခေါ်တာ။ အရင်ကတော့ ဘယ်လိုခေါ်လဲ မသိဘူးဗျ။ ဂျပန်တွေနဲ့ တိုက်ပွဲဖြစ်တာကို အစွဲပြုပြီး ‘ဂျပန်ကုန်း’လို့ ခေါ်ကြတာ။ ဒီလိုဗျ။ ဒီတောင်ကုန်းကို ဂျပန်တွေက စီးဖို့လုပ်တော့ ကရင်နီတပ်တော်လှန်ရေးသမားတွေက အပေါ်စီးကနေ ပစ်ခတ်အနိုင်ယူခဲ့ကြတာ။ အခုခေတ်လိုပါပဲဗျာ။ တူမီးနဲ့ အနိုင်ရခဲ့တာပေါ့။ သိမီသူတွေ ပြောပြတာကတော့ ဂျပန်တွေက သစ်ကိုင်း သစ်ရွက်တွေကို တကိုယ်လုံး လွှမ်းခြုံထားပြီး တက်လာတာတဲ့။ လူရိပ်မြင်လိုက် ရပ်လိုက်နဲ့ပေါ့။ ဒါပေမဲ့ ဒီကလူတွေက ဒေသခံတွေဆိုတော့ အရင်က ချုံပုတ်မရှိတဲ့နေရာမှာ ချုံပုတ်အသစ်တွေ တွေ့တော အဲဒီချုံပုတ်အသစ်တွေကို ပစ်ကွာဆို ပြီးပစ်ကြတာ။ ဂျပန် အကုန်ထွက်ပြေးကြသတဲ့။ သေတဲ့စစ်သားလည်း သေပေါ့။

မြင်တဲ့အတိုင်းပဲလေ။ ဟိုမှာ မြေပြန့်လွင်ပြင်ကြီး ရှိတာကိုး။ မြက်ခင်းစိတ်တွေ လွှမ်းနေတော့ သူတို့တကိုယ်လုံးကို သစ်ခက်သစ်ရွက်တွေဆင်ပြီး တက်လာတာပေါ့။ ကရင်နီတွေကလည်း ရွေ့လာတဲ့ သစ်ပင်မှန်သမျှ ပစ်ကြ ဆိုပြီး ပစ်လိုက်တာ ဂျပန်တွေ အတုံးအရုံး သေပြီး ပြန်ဆုတ်သွားသတဲ့။ အဲဒီလို အနိုင်ရခဲ့တာကြောင့် ဒီတောင်ကုန်းကို အဲဒီအချိန်ကစပြီး ‘ဂျပန်ကုန်း’လို့ခေါ်ခဲ့ကြသတဲ့။ အင်္ဂလိပ်ရော ဂျပန်ရော ကျုပ်တို့ ကရင်နီနယ်ကို မအုပ်ချုပ်နိုင်ခဲ့ဘူးဗျ။ ဒါဟာ ကရင်နီဒေသရဲ့ ဂုဏ်ယူစရာအချက်ပေါ့။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ယူတော့မှ မြေပြန့်ဒေသနဲ့ ပေါင်းခဲ့ကြတာလေ။”

ကိုအဲရစ်(အမည်ဝှက်)က အရှည်ကြီး ရှင်းပြနေတယ်။ ကျနော်ကတော့ တောင်ကုန်းထိပ်ကနေ တောင်အောက်မှာ လွင့်မျောနေတဲ့ တိမ်တွေကိုကြည့်ပြီး သဘာဝရဲ့ လှပအေးမြဆိတ်ငြိမ်နေတဲ့ အရသာကို ခံစားနေမိတယ်။  တဆက်တည်း တည်ငြိမ်အေးချမ်းပြီး ရိုးသားမှုအပြည့်နဲ့ တည်ရှိနေခဲ့တဲ့ ဒီဒေသလေးဟာ ဘယ်လောက်ကြာကြာ ဆိတ်ငြိမ်နိုင်ပါ့မလဲ။ ကိုတူးတို့ ရောက်စနဲ့ အခုတောင် တဖြည်းဖြည်း အခြေအနေတွေ ပြောင်းနေပြီ။ ကိုထူးကိုယ်တိုင် တောင် စစ်အာဏာသိမ်းအုပ်စုရဲ့ အန္တရာယ်ကြောင့် ရောက်လာခဲ့တာ မဟုတ်လား။

အခုတော့ “ဦးလေးရေ… ဒီးမော့ဆိုမှာတော့ ကရင်နီလူငယ်တွေနဲ့ စစ်ခွေးတွေနဲ့ ချကုန်ကြပြီ။ နှစ်ဘက်စလုံး အကျအဆုံးရှိတယ်။ စစ်ခွေးတွေ အကျများတယ်ဗျ။ ကျနော်တို့ဘက်က တစ်ယောက်ကျပြီး နှစ်ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေကိုတော့ CDM လုပ်လာတဲ့ မြေပြန့်က ဆရာဝန်လေးတွေက ကုသပေးနေတယ်။ စစ်ခွေးတွေ မိုက်ရိုင်းတယ်ဗျာ။ ဒီးမော့ဆိုအဝင် ၆ မိုင်မှာ လောင်ချာ လက်နက်ကြီးတွေနဲ့ပါ ထုတယ်။ အဲဒီမှာ ထိသွားတာ”တဲ့။ 

ကြားလိုက်ရတဲ့စကားက  စိတ်မချမ်းသာစရာ။ ပကတိ ရိုးသားသူတွေ။ သူတပါးအပေါ် အကောက်မကြံတတ်တဲ့ ဒေသသားတွေ။ ဖြူစင်ပြီး ဖော်ရွေတယ်။ မကြာမီက မြို့အနီးက ရွာလေးတွေမှာ စစ်အာဏာသိမ်းတာကို လက်မခံကြောင်း ဆန္ဒပြခဲ့ကြတယ်။ ရဲနဲ့ စစ်တပ်မ ဖမ်းဆီးနိုင်အောင် ကတုတ်တွေ အဟန့်အတားတွေ လုပ်ခဲ့ကြတယ်။ ဘာလက်နက်မှ မကိုင်ဆောင်ခဲ့ကြဘူး။ အဲဒီနောက်တော့ စစ်တပ်ရဲ့ မတရားပစ်သတ်မှုတွေကြောင့် တောလိုက်ရာမှာသုံးတဲ့ တူမီးတွေနဲ့ ဆန္ဒပြသူတွေ လုံခြုံရေးအတွက် ခုခံကာကွယ်ပေးခဲ့ကြတယ်။ ဒီလမ်းကို ကရင်နီက ရွေးချယ်တာ မဟုတ်။ အာဏာသိမ်းစစ်အုပ်စုက ရွေးချယ်ပေးခဲ့တာ။ 

နောက်တော့ စစ်တပ်က လက်နက်ကြီးတွေ အမြောက်တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့ကြပြန်တယ်။ ဒီးမော့ဆို မြို့သူမြို့သားတချို့ စစ်ဖြစ်ရာနဲ့ဝေးရာ ရှောင်လာကြတယ်။ ကိုထူးတို့ နားခိုရာအထိ ရောက်လာတယ်။ တရွာလုံး အိမ်တွေမှာ စစ်ပြေးဒုက္ခသည်တွေ အပြည့်ဖြစ်လာတယ်။ ဒီးမော့ဆို သာမကတော့ လွိုင်ကော် စစ်ပြေးဒုက္ခသည်တွေ၊ မိုးဗြဲ၊ ဆီဘူး စစ်ပြေးဒုက္ခသည်တွေပါ နေရာအနှံ့ တောင်တွေထဲမှာ၊ လုံခြုံရာဒေသတွေမှာ အာဏာသိမ်းတပ်နဲ့ ကင်းဝေးရာအရပ်ဆီ ရှောင်ပြေးခဲ့ကြတယ်။

အဲဒီလိုအခြေနေမှာပဲ ကိုအဲရစ်က “ဦးလေးရေ အခြေနေကတော့ သိပ်မကောင်းလှဘူး။ စစ်ပြေးဒုက္ခသည်တွေ များလာသလို မြို့ပေါ်တွေမှာလည်း ဒီကောင်တွေ ရမ်းကားနေတယ်။ စစ်ပြေးဒုက္ခသည်တွေရဲ့ လူသူမရှိတော့တဲ့ အိမ်တွေထဲ ဝင်ရောက်ဖျက်ဆီးပြီး တန်ဖိုးရှိတာတွေကို ယူဆောင်သွားကြတယ်။ ဦးလေး ပြောတဲ့ ‘စစ်ဓားပြတွေ’ဆိုတာ အမှန်ပဲဗျာ။ အားလုံးကလည်း ကုန်စုံဆိုင်တွေ စတိုးဆိုင်တွေကအစ ဒီအတိုင်းထားပြီး ပြေးခဲ့ရတာဆိုတော့ ဒီခွေးကောင်တွေအတွက် ပွဲတော်ကြီးလို ဖြစ်နေတယ်။ မိုးဗြဲမြို့ဆိုတာ ရွာပျက်ကုန်းကြီးတမျှပဲ။ အဝေးကနေ အမြောက်တွေနဲ့ ထုလို့ နေအိမ်တိုက်တာတွေ ပြိုကျပျက်စီးကုန်ပြီ။ တချို့ အိမ်တွေထဲက ပိုက်ဆံနဲ့ ရွှေ ငွေတွေပါ ယူပြီးတာနဲ့ အိမ်ကိုပါ လက်စဖျောက် မီးရှို့ပစ်လိုက်ကြတယ်။ ဒါဟာ ရက်စက်တာ မဟုတ်ဘူး။ ယုတ်မာတာဗျ”တဲ့။

သူက ခဏနားလိုက်ပြီး ဆက်ပြောတာက “အခုအခြေအနေက ကယား ဝင်ပေါက်လမ်း လေးခုစလုံးကို အာဏာသိမ်းတပ်က ပိတ်ဆို့ဖို့ ကြံရွယ်နေတယ်။ ပိတ်လည်း ပိတ်ဆို့နေပြီ။ အခုနောက်ဆုံး တောင်ငူ၊ သံတောင်၊ လိပ်သို၊ ရာဒိုလမ်းကနေ စစ်ခွေးတွေ တက်လာနေပြီ။ အရင်ကတော့ အဲဒီလမ်းက ကယန်းပြည်သစ်အဖွဲ့တွေရှိတော့ တက်လာလေ့မရှိဘူး။ ပင်လောင်၊ လွိုင်ကော်နဲ့ သာစည်လမ်းကလည်း လမ်းတဝက်ကနေ ဖြတ်ပိတ်ထားတယ်။ တောင်ကြီး၊ ဆီဆိုင်၊ လွိုင်ကော်လမ်းလည်း ဒီလိုပဲ။ ကရင်နီဒေသကို ဖြတ်လေးဖြတ် လုပ်နေပြီ။ စစ်ပြေးတွေရော ဒေသခံတွေအတွက်လည်း ရိက္ခာတဖြည်းဖြည်း ပြတ်လာနေပြီ။ ဒီတော့ အချိန်မရွေး ဒီဒေသဟာ အန္တရာယ်ကျလာနိုင်တယ်။” 

ဒီလိုနဲ့ ကိုထူးလည်း ငြိမ်ချမ်းဆိတ်ငြိမ်ရာ ဒီဒေသလေးကို ခွဲခွာဖို့ ဖန်လာခဲ့ပါတော့တယ်။ ကရင်နီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ကူညီမှုနဲ့ ညအမှောင်ကို ချဉ်းကပ်ရင်း ရှေ့တန်းတနေရာမှာ ခဏခိုလှုံပြီး တောလမ်းကပဲ ဒီးမော့ဆိုကို ကျော်ခဲ့ရတယ်။ မကြာမီအချိန်ကပဲ ဒီးမော့ဆိုနဲ့ ၆ မိုင်ရွာလေးဟာ ‘အာဆီယံမှာ အသန့်ရှင်းဆုံးဆု’ရခဲ့တဲ့မြို့လေး။  လှပလွန်းတဲ့မြို့လေး။ အခုတော့ တစပြင်တခုလို ရွာပျက်ကုန်းကြီး ဖြစ်နေပေါ့။ စိတ်ထဲ အလိုလိုဝမ်းနည်းမိလာတယ်။ မြို့လေးဟာ ‘ဂွါရာနီကာ’ပန်းချီကား ကြည့်လိုက်ရသလို  ကစဉ့်ကလျား ဝရုန်းသုန်းကားနဲ့။

ဒီလိုနဲ့ အရုဏ်ဦးနဲ့အတူ မိုးဗြဲနား ရောက်လာခဲ့တယ်။  ရုတ်တရက် ထိတ်လန့်သွာတယ်။ လူသူမရှိ တိတ်ဆိတ်လို့ တမြို့လုံး မြို့ပျက်ကြီး ဖြစ်နေတာကို တွေ့ရတယ်။ ထိုးထိုးထောင်ထောင်နဲ့ တိုက်ပျက်တွေ။ မီးခိုးတွေ တလူလူထနေတဲ့ အိမ်တိုင်ငုတ်တိုတွေ။ လမ်းပေါ်မှာ တွေ့နေရတဲ့ မပျက်ပြယ်သေးတဲ့ သွေးကွက်တွေ၊ အမြောက်ကျည်န်တွေဟာ Gone With The Wind ရုပ်ရှင် ကြည့်လိုက်ရသလိုပဲ။ လူမျိုးတုံး သတ်ဖြတ်မှုကြီး တခုပေပဲလား။ လူသူကင်းမဲ့နေပုံက ချောက်ချားစရာ။ တကယ့် ‘ဇွန်ဘီး’ရုပ်ရှင်ထဲကအတိုင်းပဲ။ ကြည့်ရင်း ကြည့်ရင်း ကျောတွေ စိမ့်လာတယ်။ ကြက်သီးမွေးညင်းထလာတယ်။ မျက်လုံးကို မှိတ်လိုက်ပေမယ့် ‘မိုးဗြဲ ဇွန်ဘီးမြို့တော်ကြီး’ကတော့ မျက်စိထဲက မထွက်။ မိုးဗြဲဇွန်ဘီးမြို့ကို တွေ့ပြီး ထိတ်လန့်နေသလား။ ဝမ်းနည်းနှမြောစိတ် ဖြစ်နေသလား မသိတတ်နိုင်တော့….။ အတွေးတို့ ဝေ့ဝေ့သီသီနဲ့သာ ငေးမောနေမိတယ်။

‘ရှမ်းပြည်နယ်’ နယ်စပ်အရောက် ကျနော် နားခိုခဲ့ရာ ဒီးမော့ဆိုနားက  ရွာလေးဘက်ဆီကို သတိတရ မပြေနိုင်သေးတဲ့ လွမ်းစိတ်နဲ့ ငဲ့စောင်းကြည့်လိုက်တော့ ‘မြူနှင်းဝေ့သီနေတဲ့ ကရင်နီပြည်နယ်’ကို ပျပျလေး မြင်ယောင်နေမိပါတော့တယ်။ စိတ်ထဲက လွမ်းစိတ်နဲ့ပဲ “နေရစ်ခဲ့တော့ ကရင်နီပြည်”ရေ…။ ခေတ်ကောင်းတော့ ပြန်ဆုံကြသေးတာပေါ့ကွယ် ဟူ၍သာ….။

 ဂန္ထဝင်မောင်ထူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024