မြန်မာနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၃၁ ယောက်ကို ဇွန်လ ၂၇ ရက်မှာ ဖိလစ်ပိုင်နိုင်ငံကို ပြန်ပို့မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး အဒူရာဒိုကာပန်နန်က ပြောကြားပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ အရင်လတွေလိုမျိုး ပိုဆိုးမသွားပေမယ့်လည်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အခြေအနေကြောင့် ဖိလစ်ပိုင်လူမျိုး အများအပြား နိုင်ငံကိုပြန်ဖို့လိုအပ်ကြောင်း သံအမတ်ကြီး နိုင်ငံပိုင်ရုပ်သံ PTV ကို ပြောကြားပါတယ်။
လူတွေ ဆန္ဒထွက်ပြကြရင် လူချင်းခွာနေရမှာတွေကို ဂရုမစိုက်မိပဲ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်လာမယ်လို့ မျှော်လင့်ရတာကြောင့် အိမ်ပြန်ရဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖိလစ်ပိုင်လူမျိုး ၆၀၀ လောက် ရှိနေသေးတယ်လို့ သံအမတ်က ပြောပါတယ်။ မြန်မာနိုင်ငံက ကိုဗစ်အခြေအနေတွေ မြင့်တက်လာတာကလွဲလို့ သူတို့မှာ တခြားစိုးရိမ်စရာ မရှိဘူးလို့လည်း ဆိုပါတယ်။ ခုချိန်ထိ နေရပ်ပြန်သွားကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေကိုလည်း ကိုဗစ်ခြိမ်းခြောက်မှု ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံကို ပြန်လာဖို့ ခွင့်မပြုသေးဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေကို နှိမ်နင်းရာကနေ လူအယောက် ၈၀၀ ကျော် သေဆုံးထားပြီး လူပေါင်း အနည်းဆုံး ၄၀၀၀ ကျော် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့အကြောင်း သံအမတ်က ပြောပြရင်း နိုင်ငံရေးနဲ့ပတ်သက်လို့ ဒီကဖိလစ်ပိုင်လူမျိုးတွေကို ဆန္ဒပြပွဲတွေမှာ ဝင်မပါကြဖို့ အကြံပေးထားတယ်လို့လည်း ဆိုပါတယ်။
နေ့စဉ်နီးပါး ဖမ်းဆီးမှုတွေ ရှိနေပြီး ဒါဟာ မြန်မာပြည်တွင်းရေးဖြစ်ပေမယ့် လူသားအရေးနဲ့ သက်ဆိုင်နေတော့ ကမ္ဘာမှာသက်ရောက်မှုတွေ ရှိနေတာကြောင့် ဖိလစ်ပိုင်နိုင်ငံဟာ ဒီအရေးကို ဦးစားပေး ဆွေးနွေးဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။
မတ်လတုန်းက ဖိလစ်ပိုင်နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို တောင်းဆိုခဲ့ပါသေးတယ်။