ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုရှိ ဒါးလက်ချောင်းအတွင်း သွားလာနေကြတဲ့ စက်လှေတွေကို ဆန်၊ စားသုံးကုန်နဲ့ စက်သုံးဆီတွေသယ်ယူခွင့်ကို ဇွန်လ ၁၀ ရက်နေ့က စတင်ပြီး စစ်တပ်က ပိတ်လိုက်တာကြောင့် ဒေသခံတွေအခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
ဒါးလက်ချောင်းဒေသခံတစ်ဦးက “ ဒါးလက်ချောင်းမှာ စောင့်နေတဲ့ စစ်သားတွေက ဆန်တွေကို လုံးဝပိတ်လိုက်တယ်။ စားသုံးကုန်တွေရယ်၊ ရေနံဆီ၊ ဓာတ်ဆီအကုန်လုံးကို သယ်ယူခွင့်ပိတ်လိုက်တယ်။ ပြီးရင် ဒေသခံရှာဖွေလုပ်ကိုင်စားသောက်နေကြတဲ့ သစ်ဖောင်တွေ၊ ဝါးဖောင်တွေကိုလည်း လုံးဝသွားခွင့်မပေးတော့ဘူး၊ ပိတ်လိုက်တယ်”လို့ ပြောပါတယ်။
ဒါးလက်ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၄၂ ရွာရှိပြီး လူဦးရေက ၁၃၀၀၀ ကျော်ရှိပြီး အခုလို ကုန်စည်တွေ သယ်ယူခွင့်ပိတ်လိုက်တဲ့အတွက် ဒေသခံတွေအတွက် အများကြီး အခက်အခဲဖြစ်သွားတယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ လက်ရှိအချိန်မှာ တည်ငြိမ်အေးချမ်းနေတာကြောင့် အခုလို စစ်တပ်က စားနပ်ရိက္ခာ သယ်ယူခွင့်ပိတ်တာဟာကြောင့် တကျော့ပြန်တိုက်ပွဲတွေဖြစ်လာမှာ စိုးရိမ်ရသလို ဒေသခံတွေအတွက်လည်း စားနပ်ရိက္ခာပြတ်လပ်သွားမှာကို စိုးရိမ်မိတယ်လို့လည်း လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
အမ်းမြို့နယ်မှာ လူမှုရေးလုပ်ငန်းတွေကို တက်ကြွစွာပါဝင်ကူညီပေးနေတဲ့ ကိုမျိုးလွင်က “ဒီလိုလမ်းကြောင်းတွေကိုပိတ်တယ်ဆိုတာ ကျနော်တို့ စိုးရိမ်ရတဲ့ အနေအထားတစ်ခုထိ ရောက်တယ်ပေါ့နော်။ အမ်းမှာက ရက္ခုင့်တပ်တော်ကလည်း ရှိနေသလို တပ်မတော်ကလည်း အင်အားတွေလျော့မသွားတဲ့အပြင် နောက်ထပ်တိုးတာတွေလည်းရှိနေတယ်။ အဲဒီအထဲမှာ ဒါးလက်ရေလမ်းကြောင်းကို ပိတ်လိုက်တယ်ဆိုတာက ကျနော်တို့ စိုးရိမ်တယ်။ တစ်ဖက်မှာ ဒေသမှာရှိတဲ့ ဒေသခံတွေ စားနပ်ရိက္ခာပြတ်တောက်သွားမှာကိုလည်း စိုးရိမ်တယ်ပေါ့နော်” လို့ ပြောပါတယ်။
ရခိုင်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ ၂ နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့တုန်းကလည်း စစ်တပ်က အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စုကို ၁ နှစ်ကျော်ကြာ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခဲ့တာကြောင့် ဒေသခံတွေ စားနပ်ရိက္ခာတွေပြတ်လပ်မှုနဲ့ ကြုံခဲ့ရဖူးပါတယ်။