မြန်မာနိုင်ငံမှာ အခုနှစ် ဆားကွင်းတွေ မိုးဖျက်တာကြောင့် ဆားမလုံလောက်မှုနဲ့ ကြုံတွေ့လာနိုင်တယ်လို့ ဆားလုပ်ငန်းရှင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နေလှန်ဆားကို ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ အဓိကထုတ်လုပ်နေတာ ဖြစ်ပြီး နှစ်စဉ် ဆားတန်ချိန် ၂၇၀၀၀၀ နီးပါး ထွက်ရှိနေတာပါ။
ဒါပေမဲ့ ဒီနှစ်မှာတော့ ဆားရာသီဖြစ်တဲ့ ဇန်နဝါရီလမှ မေလအတွင်း ဆားကွင်း ဖျက်မိုးတွေ ကြုံတွေ့ခဲ့ရလို့ ဒီနှစ်မှာတော့ ဆားတန်ချိန် ၁၇၀၀၀၀ လောက်သာ ထွက်ရှိခဲ့ပြီး အရင်နှစ်နဲ့ နှိုင်းယှဉ်ကြည့်ပါက ဆားထွက်ရှိမှု တန်ချိန် တစ်သိန်းလောက် လျော့ကျသွားခဲ့တာပါ။
ဒါကြောင့် ဒီနှစ်မှာတော့ ပြည်တွင်းဆား မလုံလောက်မှုနဲ့ ကြုံတွေ့လာနိုင်တယ်လို့ မြန်မာနိုင်ငံဆားလုပ်ငန်းအသင်းချုပ် တာဝန်ရှိ တစ်ဦးက ပြောပါတယ်။
ဆားထွက်မှု လျော့ကျသွားတဲ့အတွက်ကြောင့် ဆားဈေးနှုန်း ဆက်တိုက် မြင့်တက်လာဖို့ ရှိနေတယ်လို့ ဆားလုပ်ငန်းရှင်တွေက ခန့်မှန်းပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှ ဧပြီလအထိ ဆားကြမ်းတစ်ပိဿာကို ကျပ် ၅၀ ကနေ ၇၀ အထိ သာ ရှိခဲ့ရာက အခုနှစ်မေလကစပြီး ဆားကြမ်း တစ်ပိဿာကို ကျပ် ၁၅၀ ကနေ ၁၇၀ အထိ ပေါက်ဈေးရှိနေတာပါ။
ဆားတောင်သူတွေကတော့ ဒီနှစ်မှာ ဆားထွက်ရှိမှုနှုန်း လျော့ကျလာမှုနဲ့အတူ ဆားဈေး ကောင်းမရခင် ထုတ်လုပ်မှု စရိတ်အတွက် ဆားတွေ ထုတ်ရောင်းခဲ့ရလို့ အရှုံးပေါ်ကြတယ်လို့ ဆားတောင်သူ တစ်ဦးကပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ နှစ်စဉ် ဆားတန်ချိန် ၁၇၀၀၀၀ ကျော်ကို စားသုံးနေပြီး လုပ်ငန်း အတွက် ဆားတန်ချိန် ၅၀၀၀၀ ကျော် သုံးစွဲနေတာပါ။
မြန်မာနိုင်ငံမှာ ဒီနှစ်ထွက်ရှိတဲ့ဆား မလုံလောက်တဲ့အတွက်ကြောင့် နိုင်ငံခြားက ဆားတွေကို အကန့်အသတ် မရှိ တင်သွင်း ခွင့်ပြုလိုက်မယ်ဆိုရင် နောက်နှစ်မှာ ဆားတောင်သူတွေဖို့ ကြီးမား ရှုံးဆုံးမှုတွေ ရှိလာနိုင်တယ်လို့ ဆားလုပ်ငန်းရှင်တွေက ပြောပါတယ်။