အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရတ်နိုမာဆုဒီဟာဟာ ဇွန် ၁၀ ရက်က မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဆွေးနွေးဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမိဆုမိုတဲဂီကို တယ်လီဖုန်း ခေါ်ဆို ဆက်သွယ်ခဲ့ပါတယ်။
မိနစ် ၄၀ ကြာ ဆွေးနွေးမှုအတွင်း ၀န်ကြီး မိုတဲဂီက အာဆီယံအလှည့်ကျဥက္ကဋ္ဌ ရဲ့အမည်စာရင်း တင်သွင်းခံရတဲ့ အထူးသံတမန်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေအပါအဝင် အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ဂျပန်က ဆက်လက်ထောက်ခံ အားပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ အနီးကပ် ညှိနှိုင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်ကြဖို့လည်း ဂျပန်နဲ့အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့ သဘောတူ ခဲ့ကြပါတယ်။
ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ တရားဝင်၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့အတိုင်း ဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ အရေးကြီးပုံကို ဂျပန်၀န်ကြီးက အလေးပေး ပြောဆိုပါတယ်။
၀န်ကြီး မိုတဲဂီကအာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ သဘောတူခဲ့တဲ့ အချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်းလည်း အလေးထား ပြောပါတယ်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့အရေး ဆွေးနွေးတာအပြင် အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွင်းအရေးတွေ အပါအဝင် ဒေသတွင်း အခြေအနေတွေနဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာဆုဒီဟာ ဘရူနိုင်း နိုင်ငံခြားရေး၀န်ကြီး အာဝန်ယူဆော့ဖ်နဲ့လည်း တယ်လီဖုန်းဆက်သွယ်ခဲ့ပြီး မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့အရေးကိစ္စရဲ့ အကျိုးရလဒ်တွေကို ဆွေးနွေးခဲ့ပါတယ်။